ပေါက်မြို့နယ်မှာ ရက်သတ္တပတ်အတွင်း တိုက်ပွဲပေါင်း ရာနဲ့ချီ ဖြစ်ပွားခဲ့ပြီး ဆက်လက်ပြင်းထန်နေ
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယောဒေသ ပုံတောင်နတ်ထိပ်ဒေသမှာ အင်အားထောင်ချီရှိတဲ့ စစ်အုပ်စု စစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒီကနေ့အချိန်ထိလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ယောတပ်တော် (YA) နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့က မနေ့က မေ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၁ ရက်က ပေါက်မြို့နယ် အခြေစိုက် ကပစ-၂၄ ကနေ ထွက်လာတဲ့ အင်အား ၄၀၀ ဝန်းကျင်ပါ စစ်အုပ်စုစစ်ကြောင်းနဲ့ မေလ ၂၂ ရက်မှာ အင်အား ၉၀၀ ဝန်းကျင်၊ စစ်ယာဉ်တန်းတွေနဲ့အတူ ထပ်မံအင်အား ဖြည့်တင်းကာ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်တွေကို မေလ ၁၃ ရက်ကစလို့ တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတွေက ကြားဖြတ်တိုက်ခိုက်ရာကနေ တိုက်ပွဲတွေ ရက်ဆက်ပြင်းထန်လာတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
မေလ ၁၃ ရက်ကနေ မနေ့က မေ ၃၁ ရက်အထိ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က သေဆုံးသူ ၈၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်အထိ ရှိခဲ့ပြီး စစ်အုပ်စုဆီက လက်နက်ခဲယမ်းတွေ၊ စစ်သုံးပစ္စည်းတွေနဲ့ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ တိုက်ပွဲတွေအတွင်းမှာ မဟာမိတ်တပ်ပေါင်းစုဘက်ကလည်း ထိခိုက်ဒဏ်ရာ ရရှိသူတွေနဲ့ အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲကာလ တစ်လျှောက်လုံးမှာ စစ်အုပ်စုတပ်ဟာ အပြစ်မဲ့ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ကျေးရွာတွေအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ခိုးယူခြင်း၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းနဲ့ စစ်ဘေးရှောင်နေရာတွေကို လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းစတဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုထားပါတယ်။
ယောတပ်တော် (YA) နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့အနေနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ပြည်သူလူထု လွတ်မြောက်ရေးအတွက် မဟာမိတ်တွေနဲ့အတူ အစွမ်းကုန် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး၊ ရှေ့လျှောက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။
ဓာတ်ပုံ – PLA
