မြန်မာစစ်အုပ်စုကို ILO က အရေးယူ ဆောင်ရွက်ထားမှု တစ်နှစ်ပြည့်ခါနီးချိန်ထိ အလုပ်သမားအခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေ ဆက်ရှိနေ 

Author CJ Platform
Categories
Published on May 28, 2026

မြန်မာစစ်အုပ်စုက အဓမ္မစစ်မှုထမ်းခိုင်းတာအပါအဝင် လုပ်ငန်းခွင်မှာဖြစ်ပေါ်နေတဲ့ မတရားကျူးလွန်မှုတွေကြောင့် အပြင်းထန်ဆုံး အရေးယူမယ့် ဆုံးဖြတ်ချက်ကို ILO က ချမှတ်ခဲ့ပေမယ့် ကျူးလွန်ချိုးဖောက်တာတွေ ဆက်ရှိနေတယ်လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

 

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာစစ်အုပ်စုကိုယ်တိုင် ကျူးလွန်ချိုးဖောက်ခဲ့တာတွေနဲ့ လုပ်ငန်းခွင်မှာ ဖြစ်ပေါ်နေတာကို မတားဆီးခဲ့တာတွေကြောင့် ပုဒ်မ ၃၃ နဲ့ အမြင့်ဆုံးအရေးယူဖို့ ပြီးခဲ့တဲ့နှစ် ဇွန်လ ၅ ရက်မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

အခုလာမယ့် ဇွန် ၅ ရက်မှာ ILO ရဲ့ ဆုံးဖြတ်ချက် တစ်နှစ်ပြည့်မှာဖြစ်ပေမယ့် စစ်အုပ်စုအပေါ် ပြစ်ဒဏ်ထိရောက်မှု အားနည်းနေသလို ကျူးလွန်ချိုးဖောက်တာတွေလည်း ရပ်သွားတာမရှိဘူးလို့ ပြည်တွင်းအလုပ်သမားအရေး ကူညီပေးနေသူ ၁ ဦးက ဆိုပါတယ်။

 

“ပေါ်တာဆွဲတာဆိုလည်း ရပ်မသွားဘူး။ လုပ်ငန်းခွင်ဖိနှိပ်မှု၊ အဓမ္မစေခိုင်းမှုဆိုတာတွေက နေရာတိုင်းမှာ ကြားနေ၊ မြင်နေရတယ်။ ILO အနေနဲ့ ဒီအခြေအနေတွေကို ဘယ်လိုဆက်လုပ်မှာလဲ၊ ဆုံးဖြတ်ချက်က တစ်နှစ်သာပြည့်သွားတယ် အကြောင်းမထူးဘူးဆိုတာကတော့ မဟုတ်သေးဘူး” လို့ သူက ပြောပါတယ်။

 

ILO က အဓိကအရေးယူရတဲ့ အကြောင်းရင်းမှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ အဓမ္မခိုင်းစေမှုနဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

 

လက်ရှိအချိန်မှာ စက်ရုံအချို့မှာ အချိန်ပို မတန်တဆ ခေါ်ယူစေခိုင်းတာ၊ ညလုံးပေါက် အလုပ်ဆင်းခိုင်းပြီး လုပ်အားခချိုးနှိမ်တဲ့ အဓမ္မစေခိုင်းမှု ဖြစ်ရပ်တွေနဲ့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းတာကို မလိုလားဘဲ သမဂ္ဂဖြိုခွဲမှုတွေ ရှိနေတဲ့အပြင် သမဂ္ဂအဖွဲ့မှာ ပါဝင်နေသူတွေကို အလုပ်ထုတ်တာတွေ ဆက်ရှိနေတာကြောင့် ILO ရဲ့ အရေးယူမှုကို အလေးမထားတဲ့သဘော ဖြစ်နေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

 

အထည်ချုပ်အလုပ်သမားခေါင်းဆောင် တစ်ဦးက လက်ရှိအခြေအနေကို “အရေးယူမှုက လက်တွေ့မကျရင် စစ်တပ်ကရော၊ အလုပ်ရှင်တွေရော ဂရုစိုက်မှာ မဟုတ်ဘူး။ အခုအတိုင်း ဆက်သွားနေရင် ILO အပေါ် မြန်မာအလုပ်သမားတွေရဲ့ ယုံကြည်မှုပါ ကျဆင်းသွားလိမ့်မယ်” လို့ ပြောပါတယ်။

 

ဒါ့အပြင် စစ်အုပ်စုရဲ့ ကျူးလွန်ချိုးဖောက်မှုဖြစ်တဲ့ ဥပဒေပါအတိုင်းမဟုတ်ဘဲ အဓမ္မဖမ်းဆီးစစ်မှုထမ်းခိုင်းတဲ့ လုပ်ရပ်ကို အလုပ်သွား၊ အလုပ်ပြန် လုပ်နေကြသူတွေကိုပါ ပစ်မှတ်ထား ခံလာရတယ်လို့ မြန်မာနိုင်ငံ စက်မှု၊ လက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ထုတ်ဖော်ပြောထားသလို ဒီအခြေအနေနဲ့ပတ်သက်လို့ ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) ဆီ အကြောင်းကြား အကူအညီတောင်းထားတယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်