ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားမှောက် ၂ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဒီကနေ့ မေ ၂၅ ရက် မနက် ၉ နာရီခွဲက အိမ်စီးကား တစ်စီး စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါလာသူ အမျိုးသမီး ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီနေ့ မနက် ၉ နာရီခွဲက ရန်ကုန်ကနေ မန္တလေးကိုသွားတဲ့ အိမ်စီးကားတစ်စီးဟာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၃၃/၆ နဲ့ ၃၃၃/၇ ကြားအရောက်မှာ တိမ်းမှောက်ခဲ့တာလို့ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“စလစ်ပြီး မှောက်တာပါ။ ကားပေါ်မှာ အမျိုးသမီး ၃ ယောက်၊ အမျိုးသား ၃ ယောက် ပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ အမျိုးသမီး ၂ ယောက် သေတယ်။ ကျန်တဲ့ ၄ ယောက်က ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့အခြေအနေ မရှိဘူး” လို့ ပြောပါတယ်။
သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်းတွေက တံတားဦးမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး လက်ရှိမှာ ဒဏ်ရာရသူ ၄ ဦး ဆေးကုသမှုခံယူနေတယ်လို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၁ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၄၇/၇-၂၄၈/၀ မှာ အိမ်စီးကားတစ်စီး စလစ်ဖြစ်ကာ လမ်းလယ်ကျွန်းကို တိုက်မိပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ယာဉ်မတော်တဆမှု ၅၂ မှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၃၂ ဦး ရှိကာ ထိခိုက်ဒဏ်ရာရသူ ၆၃ ဦး ရှိတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – MSFD
