မော်လမြိုင်ကျွန်းမှာ စက်သုံးဆီအရောင်းဆိုင် မီးလောင်

Author CJ Platform
Categories
Published on May 22, 2026

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာမှာရှိတဲ့ “ရွှေမြင့်မိုရ်” စက်သုံးဆီဆိုင်မှာ ဒီကနေ့ မေ ၂၂ရက် မနက် ၇ နာရီက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

 

ဒီကနေ့ မနက် ၇ နာရီက ကျိုက်ပိကျေးရွာ ကားလမ်းမပေါ်မှာရှိတဲ့ “ရွှေမြင့်မိုရ်” စက်သုံးဆီဆိုင် အပူလွန်ကဲမှုဖြစ်ကာ မီးလောင်ခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အပူလွန်ကဲပြီးတော့ မီးလောင်တာလို့ သိရတယ်။ ဆိုင်အရှေ့ခန်း တစ်ခန်းလုံး မီးထဲပါသွားတယ်။ မီးသတ်ရော ဒေသခံရော မီးငြှိမ်းတာမြန်လို့ နောက်မို့ဆို တစ်ဆိုင်လုံး ကုန်မှာ” လို့ ပြောပါတယ်။

 

အဲဒီ မီးလောင်မှုကို မော်လမြိုင်ကျွန်းမြို့နယ် မီးသတ်စခန်းနဲ့ ကျိုက်ပိနယ်မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ဒေသခံများက ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လူထိခိုက်မှု မရှိပါဘူး။ ဆုံးရှုံးမှုတန်ဖိုးက တွက်ချက်နေတုန်းပဲ။ ဆိုင်တာဝန်ခံကိုတော့ မီးပေါ့ဆမှုနဲ့ အရေးယူထားတယ်” လို့ ပြောပါတယ်။

 

လတ်တလောမှာ ရွှေမြင့်မိုရ် စက်သုံးဆီဆိုင်တာဝန်ခံကို မော်လမြိုင်ကျွန်းမြို့နယ် ရဲစခန်းက ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်ကလည်း မော်လမြိုင်ကျွန်းမြို့နယ် အမှတ် ၉ ရပ်ကွက် စံပယ်လမ်းမှာ မီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ် ၄ လုံး မီးထဲပါသွားတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

ဓာတ်ပုံ – MSFD

 

Related News

Depend on news