ကျောင်းကုန်းမှာ လူနာတင်ယာဉ်က အိုးဝေနဲ့ ခရီးသည်တင်ကားကို တိုက်မိရာမှ ၂ ဦး သေ ၄ ဦး ဒဏ်ရာရ

Author CJ Platform
Categories
Published on May 22, 2026

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်မှာ ဒီကနေ့ မေ ၂၂ရက် မနက် ၁၀ နာရီခွဲက လူနာတင်ယာဉ်တစ်စီးက အိုးဝေနဲ့ ခရီးသည်တင်ယာဉ်ကို တိုက်မိခဲ့ရာမှ  အမျိုးသား ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ဒီကနေ့ မနက် ၁၀ နာရီခွဲက ကျောင်းကုန်းနဲ့ ဒါးကအကြား မိုင်တိုင်အမှတ် ၈၂ မိုင် ၅ ဖာလုံနဲ့ ၆ ဖာလုံကြားမှာ လူနာတင်ယာဉ်တစ်စီးမှာ စလစ်ဖြစ်ပြီး အိုးဝေကို ဝင်တိုက်ပြီးနောက် ခရီးသည်တင်ယာဉ်ကို တိုက်ခဲ့တာလို့ မြေပြင်မှာ ကူညီခဲ့သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လူနာသွားတင်တဲ့ ပရဟိတကားပါ၊ စလစ်ဖြစ်ပြီး အိုးဝေကားကို အရင်တိုက်တယ်။ ပြီးတော့ ခရီးသည်တင်ကားကို တိုက်တယ်။ ပရဟိတယာဉ်မောင်းနဲ့ အိုးဝေယာဉ်မောင်းက ဆေးရုံရောက်မှ သေတာ။ ဒဏ်ရာရတဲ့သူ ၄ ယောက် ရှိတယ်၊ အမျိုးသမီး ၁ ယောက် ပါတယ်” လို့ ပြောပါတယ်။

 

သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကျောင်းကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့တွေက ပုသိမ်မြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက် မနက် ၇ နာရီကလည်း ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာ မိုင်တိုင်အမှတ် (၇၇/၇) မိုင်မှာ ခရီးသည်တင်ယာဉ်တစ်စီး သစ်ပင်ဝင်တိုက်ကာ အမျိုးသား ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

အလားတူပင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်ကလည်း ကျောင်းကုန်းမြို့နယ်၊ စာဖြူစုကျေးရွာအနီးမှာ ပရဟိတယာဉ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသမီး ၃ ဦး သေဆုံးကာ ၁၈ ဦး ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်