တပ်ချုပ်သစ်က အာဆီယံကို လိမ်ပြော 

Author CJ Platform
Categories
Published on May 22, 2026

စစ်အုပ်စုရဲ့ အတုယောင် ရွေးကောက်ပွဲကို တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲလို့ လိမ်လည်ပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ပါ ပေါ်ထွက်လာပြီလို့ စစ်အုပ်စုရဲ့ ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ လိမ်လည်ပြောကြားခဲ့ပါတယ်။

 

မနေ့က မေလ ၂၁ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ပြုလုပ်ခဲ့တဲ့ (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (23rd ACDFM) မှာ သူက အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဒေသတွင်းနိုင်ငံငယ်တွေအပေါ် အင်အားကြီးနိုင်ငံတွေက နိုင်ငံရေး၊ စစ်ရေး၊ ဝါဒဖြန့်ချိရေး အသွင်စုံဖြင့် စွက်ဖက်လွှမ်းမိုးနေတယ်လို့ ပြောဆိုခဲ့သည့်အပြင် လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူ့ဆန္ဒအတိုင်း ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်တွေနဲ့ အစိုးရသစ် ပေါ်ထွက်လာပြီ ဖြစ်တာကြောင့် ရှေ့ဆက်ပြီးလည်း ဒေသအခြေခံဖက်ဒရယ်စနစ်နဲ့ တရားဥပဒေစိုးမိုးရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

 

ဒါပေမယ့် လက်တွေ့မှာ စစ်အုပ်စု ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပေါ် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ စိတ်ဝင်စားမှု မရှိခဲ့သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းအချို့နဲ့ အစိုးရအချို့ကလည်း အလားတူပင် အသိအမှတ်မပြုခဲ့ကြသလို စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲ တရားမဝင် ဖန်တီးပြုလုပ်ခြင်းဖြစ်တယ်လို့ ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

 

ဒါ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အုပ်စုဟာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ် ကျူးလွန်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မတ်လကုန်ပိုင်း ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ မှတ်တမ်းတွေအရ စစ်အုပ်စုဟာ နိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၂၉၃ ကြိမ် ပြုလုပ်ကာ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

 

မင်းအောင်လှိုင်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာမှာ အစားထိုးတာဝန်ယူခဲ့တဲ့ တပ်ချုပ်သစ် ရဲဝင်းဦး စတင်တာဝန်ယူခဲ့တဲ့ ဧပြီလတစ်လတည်းမှာပင် စစ်အုပ်စုဟာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၇၈ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၁၃၈ ဦး သေဆုံးကာ ၂၀၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅၈၉ လုံးနဲ့ စာသင်ကျောင်း၊ ဆေးပေးခန်းတွေလည်း ပျက်စီးခဲ့ရပါတယ်။

 

ဧပြီတစ်လတည်းမှာပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၅ ကြိမ်အထိ ကျူးလွန်ခဲ့ကြသလို မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပတ်ပင်အိုင်ရွာဖြစ်စဉ်မှာလည်း အရပ်သားတွေနဲ့ ကာကွယ်ရေးရဲဘော်တွေကို သတ်ဖြတ်ကာ ရုပ်အလောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မေလ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

မေလ ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ အဲဒီအစည်းအဝေးမှာ ဖိလစ်ပိုင်တပ်မတော်စစ်ဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ တီမောလက်စ်တေနိုင်ငံတို့က တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကာ အာဆီယံတပ်မတော်တွေရဲ့ နှစ်နှစ်လုပ်ငန်းစီမံချက် (၂၀၂၆ – ၂၀၂၈) ကို အတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Pro-SAC

 

Related News

Depend on news