အသက်မပြည့်သေးတဲ့ မိန်းမငယ်အား ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ တောင်ကြီးက ဘားပိုင်ရှင်ကို ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်
အသက် ၁၅ နှစ်သာရှိသေးတဲ့ အမျိုးသမီးဝန်ထမ်းငယ်လေးကို ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ တောင်ကြီးမြို့နယ် Peter ဘားဆိုင်ပိုင်ရှင် ကိုအောင်မျိုးသူ (ခ) ပီတာကို လူသတ်မှုအပြင် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ယစ်မျိုးပုဒ်မနဲ့ ထပ်မံအမှုဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မေလ ၄ ရက် ညပိုင်းက Peter ဘားဆိုင်မှာ စားသုံးသူဧည့်သည်က အသက် ၁၅ နှစ်သာရှိသေးတဲ့ ဆိုင်ဝန်ထမ်းကောင်မလေးကို မုန့်ဖိုး ၅ ထောင် ပေးခဲ့တာကို ဆိုင်ရှင်ပီတာက သူ့ကိုမပြောပြ၍ ဝန်ထမ်းကောင်မလေးကို ရိုက်နှက်ခဲ့ရာမှ လက်လွန်ပြီး သေဆုံးခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဧည့်သည် မုန့်ဖိုး ၅ ထောင် ပေးတာကို သူ့ကိုမပြောဘဲ ယူရမလားဆိုပြီး ရိုက်တာ။ ကလေးမလေးက အတော်ဆင်းရဲတာ၊ ညောင်ရွှေ မင်းချောင်းလယ်က အလုပ်လာလုပ်တာ။ ရတဲ့မုန့်ဖိုးလေးကို စုပြီး မိသားစုကို ပြန်ပေးနေတာ၊ မိဘတွေ ရင်ကျိုးတာပေါ့။ အသက်မပြည့်သေးတဲ့အတွက် မြို့ခံတွေရော အဖွဲ့အစည်းတွေရော လိုက်လို့ ကလေးသူငယ်ဥပဒေနဲ့ပါ ထပ်ဖွင့်တာ” လို့ ပြောပါတယ်။
သေဆုံးသူ ဆိုင်ဝန်ထမ်းကောင်မလေးမှာ မဖူးပွင့်ဝေဖြစ်ပြီး အသက် ၁၅ နှစ်ကျော်သာရှိကာ ညောင်ရွှေမြို့နယ်၊ မင်းချောင်းလယ်ကျေးရွာမှာ နေထိုင်သူတစ်ဦးဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
လူသတ်မှုဖြစ်ပြီးနောက် ကိုအောင်မျိုးသူ (ခ) ပီတာမှာ ထွက်ပြေးခဲ့ပေမယ့် သတင်းက ပျံ့နှံ့သွားပြီး ပြည်သူတွေက သတင်းပေးခဲ့ရာ မေလ ၆ ရက်မှာ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်မှာ ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“လူမှုကွန်ရက်မှာ ဖော်ပြသလို သူ့ဘာသာလာအဖမ်းခံတာ မဟုတ်ဘူး။ ဒေသခံတွေက သတင်းပေးလို့ တာတုံနယ်မြေရဲစခန်းက မိသွားတာ။ အဲဒီကနေ တောင်ကြီးရဲစခန်းကို လွှဲပေးတာ။ အခု လူသတ်မှုအပြင် ကလေးသူငယ်ဥပဒေ၊ ယစ်မျိုးဥပဒေနဲ့ပါ အမှုဖွင့်ထားတယ်” လို့ ရှင်းပြပါတယ်။
ပြစ်မှုကျူးလွန်သူ အောင်မျိုးသူ (ခ) ပီတာအား ဖမ်းမိပြီးနောက် တောင်ကြီးရဲစခန်းက တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမမှာ ဖွင့်လှစ်ထားတဲ့ Peter ဘားဆိုင်ကို စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လက်တလောမှာ တောင်ကြီးမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူ အောင်မျိုးသူ (ခ) ပီတာအား (ပ) အမှတ် ၂၇/၂၀၂၆၊ ကလေးသူငယ်ဥပဒေပုဒ်မ ၁၀၀ (က)၊ ၁၀၁ (ခ)၊ ယစ်မျိုးဥပဒေပုဒ်မ ၇၄ (ဃ) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
