လားရှိုးမှာ မိုးသည်းထန်ရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများရှိ
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှာ ဒီကနေ့ မေ ၆ရက် နေ့လယ် ၂ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ နေ့လယ် ၂ နာရီခွဲက မိုးရွာပြီး လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်တွေ လဲကျခြင်း၊ ဆိုင်းဘုတ်ဗီနိုင်းများ ပြိုကျခြင်းနဲ့ နေအိမ်များ ပြိုပျက်တာကြောင့် လူထိခိုက်မှုများရှိတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဒီနေ့ လေတိုက်တာ အတော်ကြမ်းတယ်။ တချို့အိမ်က အမိုးတွေပြိုကျလို့ ခေါင်းကွဲတဲ့သူတွေ၊ ဗိုက်ကို သစ်သားစထိုးမိတဲ့သူ ၃ ယောက်၊ ၄ ယောက်လောက်ရှိတယ်။ လားရှိုးဆေးရုံမှာ တင်ထားတယ်” လို့ ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် လားရှိုးမြို့ပေါ် ရပ်ကွက်အတော်များများ ပျက်စီးဆုံးရှုံးမှုရှိပြီး ကျေးရွာဘက် အခြေအနေကို မသိရကြောင်း အမှတ် ၃ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မြို့ပေါ်ရပ်ကွက်တွေမှာ သစ်ကိုင်းတွေ ကျိုးကျတာ၊ ဗီနိုင်းတွေ လဲကျတာ၊ ခြံစည်းရိုးတွေ ပြိုလဲတာရှိတယ်။ အမျိုးသမီးတစ်ယောက် သစ်ကိုင်းကျိုးကျလို့ ခေါင်းကွဲသွားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်ကလည်း ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်လို့ နေအိမ် ၅၀ နီးပါး ပြိုကျပျက်စီးခဲ့ပါတယ်။
အလားတူပင် ဧပြီလ ၁၇ ရက်ကလည်း ပဲခူးတိုင်း၊ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မှာ လေပြင်းတိုက်ခတ်ခဲ့လို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးပေးခန်းနဲ့ လူနေအိမ် တစ်ထောင်ကျော် ပြိုကျပျက်စီးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
