စက်သုံးဆီချွေတာရေး စက်ဘီးစီးရုံးတက်တဲ့ နယ်သာလန်သံတမန်

Author CJ Platform
Categories
Published on May 07, 2026

မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနဲ့အတူ ဆီပြတ်လပ်မှု အကျပ်အတည်းတွေ ကြုံတွေ့နေရချိန်မှာ ရန်ကုန်မြို့အခြေစိုက် နယ်သာလန်သံရုံးရဲ့ ဒုတိယသံရုံးအကြီးအကဲဖြစ်သူ မစ္စတာ ဝင်းမ်ဗန်ဒွေါန် (Wim van Doorn) က စက်သုံးဆီချွေတာဖို့အတွက် စက်ဘီးစီးပြီး ရုံးတက်နေတယ်လို့ ဓာတ်ပုံနဲ့တကွ ဒီကနေ့‌ မေလ ၇ ရက်မှာ Embassy of the Netherlands in Myanmar လူမှုစာမျက်နှာမှာ မျှဝေထားပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ စက်သုံးဆီအခက်အခဲကြောင့် ပြည်သူတွေအနေနဲ့ သယ်ယူပို့ဆောင်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ရုန်းကန်နေရချိန် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေဖို့ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

 

“မြန်မာနိုင်ငံရောက်ကတည်းက စက်ဘီးစီးဖို့ စဉ်းစားခဲ့ပေမယ့် နေပူတာရယ်၊ ဘေးကင်းပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ရယ်ကြောင့် မစီးဖြစ်ခဲ့ဘူး။ ဒါပေမယ့် စက်သုံးဆီအကျပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို မြင်ရတဲ့အခါ ကျွန်တော်လည်း တစ်ခုခုတော့ လုပ်ပေးချင်ခဲ့မိတယ်” လို့ မစ္စတာ ဝင်းမ်က ပြောပါတယ်။

 

စက်ဘီးစီးခြင်းဟာ စက်သုံးဆီချွေတာနိုင်ရုံသာမက ကုန်ကျစရိတ်သက်သာစေတာ၊ ပတ်ဝန်းကျင်မထိခိုက်စေတာနဲ့ ကျန်းမာရေးအတွက် ကောင်းမွန်ခြင်းစတဲ့ အကျိုးကျေးဇူးများစွာရှိတယ်လို့ သူက ထောက်ပြပြောဆိုထားပါတယ်။

 

မြန်မာနိုင်ငံမှာ စက်ဘီးစီးသူတွေအတွက် သီးသန့်လမ်းတွေမရှိတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားနိုင်ဖို့ လမ်းသွယ်တွေကို အသုံးပြုခဲ့ရသလို နေပူဒဏ်ကိုရှောင်နိုင်ဖို့ အိမ်က စောစောထွက်လာရတယ်လို့လည်း ပြောထားပါတယ်။

 

“ကျွန်တော်လုပ်ပေးနိုင်တာလေးက မပြောပလောက်ဘူးဆိုပေမယ့် စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ လူတွေနဲ့အတူရှိတယ်ဆိုတာ ပြသနိုင်တယ်လို့ ယုံကြည်တယ်။ စက်သုံးဆီအသုံးလျှော့ချဖို့ လုပ်ဆောင်ချက်လေးတွေ များလာရင် အကျိုးသက်ရောက်မှုကြီး ဖြစ်လာမှာပါ” လို့ သူက ဆက်ပြောပါတယ်။

 

သူ့အနေနဲ့ ရုံးကို စက်ဘီးနဲ့ ၂၅ မိနစ်ခန့် စီးနင်းပြီးနောက် ရေမိုးချိုး၊ အဝတ်အစားလဲကာ အလုပ်လုပ်ဖို့ အဆင်သင့် ပြင်ဆင်လေ့ရှိတယ်လို့လည်း ဆိုထားပါတယ်။

 

နယ်သာလန်နိုင်ငံမှာတော့ စက်ဘီးနဲ့ ရုံးတက်တာက ပုံမှန်ဖြစ်ပြီး ၅ ကီလိုမီတာ ပတ်လည်အတွင်းဆိုရင် ရာသီဥတုဆိုးနေရင်တောင် လူအများစုက ရုံးကို စက်ဘီးစီးသွားကြတာဟာ ပုံမှန်လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထတစ်ခုဖြစ်တယ်လို့လည်း မျှဝေထားပါတယ်။

 

ဓာတ်ပုံ – Embassy of the Netherlands in Myanmar