Sun Rise စက်ရုံအလုပ်သမားတွေ လုပ်ခတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေပြီး ပြေလည်မှုမရသေး

Author CJ Platform
Categories
Published on May 06, 2026

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Sun Rise အထည်ချုပ်စက်ရုံမှာ လုပ်ခတိုးမြှင့်ပေးဖို့နဲ့ လုပ်ငန်းခွင်အတွင်း လိုအပ်ချက်တွေရရှိဖို့ အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေပြီး ပြေလည်မှုမရသေးဘူးလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) နဲ့ စက်ရုံလုပ်သားတွေဆီက သိရပါတယ်။

 

ရာနဲ့ချီတဲ့ Sun Rise အထည်ချုပ်စက်ရုံလုပ်သားတွေက အနည်းဆုံး တစ်ရက်လုပ်ခ ၁၇,၀၀၀ ကျပ် ရရှိဖို့နဲ့ တခြားလုပ်ငန်းခွင် လိုအပ်ချက် ၁၇ ချက်အတွက် စုပေါင်းတောင်းဆိုနေကြတာလို့ ဆိုပါတယ်။

 

အဲဒီစက်ရုံအလုပ်သမား ၁,၀၀၀ နီးပါးက ဧပြီ ၂၄ ရက်ကတည်းက တောင်းဆိုခဲ့ကြတာဖြစ်ပြီး အလုပ်ရှင်ဘက်က ဖိအားပေးလို့ အလုပ်သမား ၂၀၀ နီးပါး လုပ်ငန်းခွင်ပြန်ဝင်သွားပေမယ့် ကျန်အလုပ်သမားတွေက ဆက်လက်တောင်းဆိုနေကြတယ်လို့ ဆန္ဒပြမှုမှာပါဝင်တဲ့ အလုပ်သမားတစ်ယောက်က ဆိုပါတယ်။

 

“ခေါင်းဆောင်ပိုင်းတွေနဲ့ စက်ရုံပိုင်ရှင်ဘက်ကသူတွေ ညှိတော့ ညှိနေကြတယ်။ အဖြေတော့ မထွက်သေးဘူး” လို့ ပြောပါတယ်။

 

အလုပ်သမားတွေရဲ့ တောင်းဆိုမှုနဲ့ပတ်သက်ပြီး သာဓုကန်စက်မှုဇုန်ရုံးမှာ မေလ ၄ ရက်က နှစ်ဖက်ညှိနှိုင်းခဲ့ကြသလို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတွေက မေလ ၅ ရက်မှာ ညှိနှိုင်းပေးခဲ့ပေမယ့် သဘောတူညီမှု မရသေးဘူးလို့ စက်ရုံအလုပ်သမားတွေက ဆိုပါတယ်။

 

Sun Rise စက်ရုံအလုပ်သမားတွေက အခြေခံလစာကို လက်ရှိပေးတဲ့ တစ်ရက်လုပ်ခ ၁၁,၅၀၀ ကျပ်အစား ၁၇,၀၀၀ ကျပ်၊ ရက်မှန်ကြေးကို ၄၀,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ် တိုးပေးဖို့၊ ခွင့်ယူဖို့ ကြိုတင်အကြောင်းကြားရင် ရက်မှန်ကြေးမဖြတ်ဖို့၊ လုပ်သက်နှစ်ကြေးကို တစ်နှစ်မှာ ၅,၀၀၀ ကျပ်နှုန်း လတိုင်းပေးဖို့၊ ကျွမ်းကျင်ကြေး (Grade) ကို အဆင့်အလိုက် ၆၀,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ်အထိ တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

 

အဲဒီလို တောင်းဆိုနေပေမယ့် အလုပ်ရှင်ဘက်က လောလောဆယ် မပေးနိုင်သေးဘဲ နောက်ပိုင်းမှ ထည့်သွင်းစဉ်းစားပေးမယ်ပြောလို့ ညှိနှိုင်းတာ ပြေလည်မှုမရဘဲ ဖြစ်နေတယ်လို့ Sun Rise စက်ရုံအလုပ်သမားတွေဘက်မှ ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က အသိပေးထုတ်ပြန်ထားပါတယ်။

 

အဲဒီစက်ရုံအလုပ်သမား​တွေက အခြေခံငွေကြေး ရပိုင်ခွင့်တွေတင်မကဘဲ လုပ်ငန်းခွင်အတွင်း လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံပေးဖို့နဲ့ လုပ်ငန်းခွင်စည်းကမ်းဆိုင်ရာ ကိစ္စတွေကိုလည်း ပြင်ဆင်ပေးဖို့ တောင်းဆိုထားကြတယ်လို့ ဆိုပါတယ်။

 

Sun Rise စက်ရုံက ဂျပန်ရဲ့နာမည်ကြီး လုပ်ငန်းခွင်သုံးဝတ်စုံ (Workwear) ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ BURTLE၊ Urban Workwear တို့ကို ချုပ်လုပ်နေတာလို့ STUM က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – STUM

 

 

Related News

Depend on news