တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မော်လူးမြို့ကို စစ်အုပ်စု ပြန်လည်ထိန်းချုပ်

Author CJ Platform
Categories
Published on May 05, 2026

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်အစပ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မော်လူးမြို့ကို စစ်အုပ်စုက ဒီကနေ့ မေလ ၅ ရက် မနက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက စုံစမ်းသိရှိရပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အင်းတော်မြို့ကို စစ်ကြောင်းဝင်ရောက်ပြီးနောက် နဘားရွာဘက်မှ ရွှေဘို-မြစ်ကြီးနား ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ဒီကနေ့ မေလ ၅ ရက်၊ မနက် ၁၀ နာရီခန့်မှာ မော်လူးမြို့ကိုပါ ထပ်မံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

 

“သူတို့ဘက်က အင်အားအများအပြားနဲ့ ဒရုန်းတွေ၊ လက်နက်ကြီးတွေ အများအပြားသုံးလာတော့ ဆုတ်ခွာပေးလိုက်ရတယ်။ ပြန်စုဖွဲ့ပြီး တိုက်ဖို့တော့ ရှိလာနိုင်တယ်” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီစစ်ကြောင်းဟာ ကသာမြို့က တစ်ဆင့် ဧပြီလ ၂၉ ရက်မှာ နဘားလမ်းဆုံနဲ့ ဧပြီလ ၃၀ ရက်မှာ အင်းတော်မြို့တို့ကို ထိန်းချုပ်ခဲ့ပြီးနောက် မေလ ၂ ရက်မှစတင်ကာ မော်လူးမြို့ဘက်သို့ ဒရုန်းနဲ့ လက်နက်ကြီးများ အသုံးပြုပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီကနေ့ မနက်ပိုင်းမှာ အင်းတော်မြို့နယ် စီပိန်းရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် မော်လူးမြို့အရှေ့ဘက်ရှိ ကရင်ရွာနဲ့ အနောက်ဘက်ရှိ အုန်းဒုတ်ရွာတို့မှတစ်ဆင့် စစ်အုပ်စုက မြို့ထဲကို ဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

အင်းတော်မြို့နယ်ရဲ့ မြို့နယ်ခွဲတစ်ခုဖြစ်တဲ့ မော်လူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၂ နှစ်ကျော်အကြာမှာ စစ်အုပ်စုတပ်က ပြန်လည်ဝင်ရောက် ထိန်းချုပ်သွားခဲ့ခြင်း ဖြစ်ပါတယ်။

 

လက်ရှိမှာ စစ်အုပ်စုက ထီးချိုင့်၊ ကသာ၊ အင်းတော်မြို့နဲ့ မော်လူးမြို့တို့ကို ပြန်လည်နေရာယူထားပြီး စစ်ကိုင်းတိုင်းအတွင်းက နယ်မြေတွေ ပြန်လည်စိုးမိုးဖို့ ကြိုးပမ်းမှုတွေ ရှိနေတာကြောင့် စစ်အုပ်စုစစ်ကြောင်းအပြင် ထိတွေ့တိုက်ပွဲတွေကြောင့် ဒေသခံတွေမှာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC