ဗျူဟာမှူးအဆင့် ဦးဆောင်သော စစ်အုပ်စုတပ်က ကျောက်ထုမြို့ကို အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်းထိုးရန် ပြင်ဆင်

Author CJ Platform
Categories
Published on May 05, 2026

စစ်အုပ်စုတပ်က ဗျူဟာမှူးအဆင့် ဦးဆောင်တဲ့ အင်အား ၆၀၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ မကွေးတိုင်း၊ ကျောက်ထုမြို့ (ယောဒေသ) ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ထွက်ပြေးလာတဲ့ စစ်အုပ်စုတပ်သားနှစ်ယောက်က ပြောပါတယ်။

 

အဲဒီစစ်ကြောင်းဟာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) ကို ဧပြီလ နောက်ဆုံးပတ်မှာ ရောက်ရှိခဲ့ပါတယ်။

 

ကပစ-၂၂ က ထွက်လာတဲ့ ရှေ့ပြေးစစ်ကြောင်းလို့ ယူဆရတဲ့ အင်အား ၁၈၀ ခန့် စစ်ကြောင်းဟာလည်း မေလ ၁ ရက်က ဆောမြို့က ထွက်ခွာသွားတဲ့ ခရီးသည်တင်လိုင်းကားတစ်စီးကို ချက်ကန်ပေါက်သူမဆိုင်နားမှာ ဖမ်းဆီးထားခဲ့ပါသေးတယ်။

 

မေလ ၁ ရက်မှာပဲ ပေါက်မြို့နယ်တောင်ပိုင်းက သပြေအေးကျေးရွာကို စစ်ကြောင်း စတင်ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲဒီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ စိုးရိမ်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

 

“မိုင်းမိတာ ဗျူဟာမှူး ထိသွားတယ်။ ၃ ယောက် ထိတယ်။ အဲဒီလို စက်ထဲကပြောတာ ကြားလိုက်တယ်” လို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားနှစ်ယောက်က ပြောပါတယ်။

 

အဆိုပါတပ်သားနှစ်ယောက် ပြောကြားချက်အရ ကပစ-၂၂ က ထွက်ခွာလာတဲ့ စစ်ကြောင်းမှာ တပ်မ (၉၉) က ကားနှစ်စီးစာ အင်အားပါဝင်တယ်လို့ ဆိုပါတယ်။

 

စစ်ကြောင်းဟာ မေလ ၄ ရက်မှာ ချက်ကန်ရွာမှာ ညအိပ်စခန်းချခဲ့ပြီး ဆက်သွယ်ရေးတာဝါတိုင်တွေ ဖျက်ဆီးခဲ့တာကြောင့် ဖုန်းလိုင်းအခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

 

ကျောက်ထု-မင်းတပ် ကားလမ်းမပေါ်မှာရှိတဲ့ ကျောက်ထုမြို့နယ် ကံကြီးကျေးရွာမှာ စစ်ကောင်စီတပ်ဟာ ဧပြီ ၂၅ ရက်မှ အင်အား ၂၀၀ ခန့်နဲ့ စတင်အထိုင်ချ တပ်စွဲခဲ့ပြီး ကံကြီးကျေးရွာက ပြည်သူတွေဟာ စစ်ရှောင်နေကြရပါတယ်။

 

ကံကြီးကျေးရွာဟာ လူဦးရေ ၅၀၀ ကျော်ရှိပြီး ကျောက်ထုမြို့နဲ့ ၇ မိုင်ခန့်၊ မင်းတပ်မြို့နဲ့ ၁၁ မိုင်နီးပါး ကွာဝေးပါတယ်။

 

ယခုရက်ပိုင်းတွင် စစ်အုပ်စုတပ်ဟာ ကျောက်ထုဒေသကို ဂျက်ဖိုက်တာ၊ Y-12 စတာတွေနဲ့ အဆက်မပြတ် ဖိအားပေး လေကြောင်းတိုက်ခိုက်နေပြီး ကျောက်ထု အမတ (၃၆၈) ကိုလည်း ထောက်ပို့ယာဉ်များဖြင့် ၃ ရက်တိတိ လက်နက်ခဲယမ်း ရိက္ခာများ ဖြည့်တင်းခဲ့ပါတယ်။