စစ်ခေါင်းဆောင်လာပြီးနောက် ရန်ကုန်ရှိ လမ်းဘေးဈေးဆိုင်တွေ ဖျက်ဖို့ စစ်အုပ်စုခန့် ဝန်ကြီးချုပ် အမိန့်ပေး
အာဏာသိမ်းစစ်ခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင် ရန်ကုန်မြို့ရောက်လာပြီးနောက် ရန်ကုန်တိုင်းအတွင်း လမ်းဘေးပလက်ဖောင်းပေါ်က ဈေးဆိုင်တွေကို ဖျက်ဖို့ စစ်အုပ်စုခန့် ဝန်ကြီးချုပ် အောင်နိုင်သူက ဒီကနေ့မှာ အမိန့်ပေးပါတယ်။
ဒီကနေ့ မနက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ မင်္ဂလာခန်းမမှာ ပြုလုပ်တဲ့ ဌာနဆိုင်ရာအစည်းအဝေးမှာ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက လမ်းဘေးဝဲယာက ကျူးကျော်ဆိုင်ခန်းတွေ ဖျက်ဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ရက် ၁၀၀ စီမံချက်အတွင်းမှာ လမ်းဘေးဝဲယာ ပလက်ဖောင်းများတွင် ကျူးကျော်ခြင်း၊ ဆိုင်ဖွင့်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်းများကို ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဥပဒေနဲ့အညီ ဖယ်ရှားသွားဖို့ လိုအပ်ကြောင်း” အမိန့်ပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့ပြင် လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ အဆင့်မြင့်အားကစားကွင်းနဲ့ ဘောလုံးကွင်းတွေ တည်ဆောက်ရန်ဖို့နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အားနည်းမှုတွေကို သေချာစိစစ်ကြပ်မတ်ဖို့လည်း ပြောဆိုပါတယ်။
စစ်ခေါင်းဆောင် သမ္မတမဖြစ်ခင် ရန်ကုန်မြို့ လာကတည်းက အမြဲတစေ လမ်းဘေးဈေးဆိုင်များ ဖျက်လေ့ရှိပြီး ဘဝပျက်သွားတဲ့ အခြေခံလူတန်းစားတွေ၊ ဈေးသည်တွေ အများကြီးရှိတယ်လို့ သာကေတမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ် အောက်တိုဘာက မင်းအောင်လှိုင် သာကေတကို လာတယ်။ သူလာပြီးမကြာဘူး မင်းနန္ဒာလမ်းမကြီးဘက်က ဈေးဆိုင်တွေအကုန် ဖျက်ခံရတယ်။ Capital ရှေ့၊ ဘေးနားက ဆိုင်တွေရော၊ မရှိလို့ လမ်းဘေးမှာ ဈေးရောင်းစားတဲ့သူ တော်တော်များများ ဘဝပျက်သွားတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် လှိုင်သာယာမြို့ကို ရောက်လာပြီးနောက် လမ်းဘေးဝဲယာမှာ ဈေးရောင်းချသူတွေ ဆိုင်ခန်းဖျက်ခံရမှာ စိုးရိမ်နေတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“လမ်းမကြီးပေါ်က ဆိုင်တွေဖျက်တာ ပြဿနာမရှိပေမယ့် စည်ပင်က မျက်နှာလို မျက်နှာရနဲ့ ရပ်ကွက်ထဲက ဆိုင်တွေဖျက်မှာပဲ စိုးရိမ်တာ။ ပြီးခဲ့တဲ့နှစ်က ၃ ရပ်ကွက်မှာ လမ်းကြားထဲက ဆိုင်ခန်းတွေပါ ဖျက်သွားတာ” လို့ ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်က လှိုင်သာယာမြို့ကို ရောက်ရှိလာပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ လမ်းဘေးဝဲယာမှာ ဈေးရောင်းချနေသူတွေအနေနဲ့ ဆိုင်တွေ ဖျက်သိမ်းခံရမှာ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
