ယာယီဆုတ်ခွာခြင်းဟာ ရန်သူကို ကြောက်ရွံ့ခြင်းမဟုတ်ဘဲ ပြည်သူကို မျက်နှာမူခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ဆို

Author CJ Platform
Categories
Published on May 05, 2026

စစ်ဆင်ရေးနယ်မြေအချို့မှာ နည်းဗျူဟာအရ ယာယီဆုတ်ခွာပေးခဲ့ရတဲ့ မြေပြင်အမှန်တရားတွေ ရှိခဲ့ပြီး ဒါဟာ ရန်သူကို ကြောက်ရွံ့လို့မဟုတ်ဘဲ ပြည်သူလူထုကို မျက်နှာမူခြင်းသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့ မေလ ၅ ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအောင်မြင်မှုတွေ ရရှိနေတဲ့ကြားက စစ်အုပ်စုရဲ့ သာလွန်အင်အားနဲ့ ရင်ဆိုင်ကြရတဲ့အခါမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ အစုလိုက်အပြုံလိုက် ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေဖို့အတွက် အလေးထားစဉ်းစားခဲ့ရတာတွေကြောင့် အချို့သော စစ်ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရ ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ ယာယီဆုတ်ခွာပေးခဲ့ရတဲ့ မြေပြင်အမှန်တရားတွေ ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။

 

“ဒါဟာ ရန်သူကို ကြောက်လို့မဟုတ်ဘဲ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဆုံးဖြတ်ချက်တွေဖြစ်သလို ရှေ့ဆက်ရမယ့် ဗျူဟာမြောက် တိုက်ပွဲများအတွက် အင်အားစုဆောင်းတာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ပြောရရင် စစ်ရေးသဘောသဘာဝအရ လိုအပ်လာတဲ့အခါ တန်ပြန်ထိုးစစ်မှ ခုခံစစ်ကို တစ်ဖန်ဆင်နွှဲရတဲ့အခါ စိတ်ဓာတ်ရေးရာအရ အားလျော့မသွားကြဖို့ သတိပေးလိုပါတယ်” လို့ ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

 

စစ်အုပ်စုက ၂၀၂၁ ခုနှစ်မှာ ပြည်သူ့အစိုးရထံကနေ နိုင်ငံတော်အာဏာကို အဓမ္မလုယူပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တဲ့အတွက် မလွဲမရှောင်သာ လက်နက်စွဲကိုင်တဲ့ တော်လှန်ရေးကာလအတွင်း PDF တွေအနေနဲ့ တူမီးသေနတ်တွေ၊ လက်လုပ်သေနတ်တွေ ကိုင်ဆောင်ရာကနေ ခေတ်မီလက်နက်တွေ တပ်ဆင်နိုင်တဲ့၊ တိုက်ခိုက်ရေးစွမ်းရည်ထက်မြက်တဲ့ တပ်မတော်အဖြစ် ခိုင်မာစွာ ရပ်တည်လာနိုင်ခဲ့ပြီး ခုခံစစ်မှ တန်ပြန်ထိုးစစ်သို့ အလုံးစုံကူးပြောင်းနိုင်ခဲ့ပြီဖြစ်ကြောင်းကိုလည်း ဝန်ကြီးချုပ်က ချီးကျူးပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင်  လက်ရှိ လျှောက်လှမ်းနေတဲ့ တော်လှန်ရေးခရီးဟာ ခရီးရှည်ကြီးဖြစ်တာကြောင့် ပင်ပန်းတဲ့အခါ ခေတ္တနားနိုင်သော်လည်း လမ်းဆုံးအထိ ဆက်လျှောက်ရန် လိုအပ်ကြောင်း၊ တိုက်ပွဲတွေရဲ့ အဆုံးအဖြတ်ဟာ ဘယ်သူက ပိုပြီး ဇွဲရှိရှိ ကြံ့ကြံ့ခံနိုင်မလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်ကြောင်း ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုပါတယ်။

 

ဒီကနေ့ ရရှိနေတဲ့ နိုင်ငံရေး၊ စစ်ရေး အောင်မြင်မှုတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်ခုတည်းရဲ့ ကြိုးပမ်းမှုသက်သက်မဟုတ်ဘဲ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ချက်တွေအပြင် ပြည်တွင်းပြည်ပ လူထုရဲ့ ယုံကြည်ချက်၊ အားပေးထောက်ခံပံ့ပိုးမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် ရှေ့ဆက်တော်လှန်ရေးခရီးမှာ စိန်ခေါ်မှု အခက်အခဲတွေလည်း ကြီးမားလာနိုင်ပေမယ့် ပြည်သူလူထုရဲ့ ထောက်ခံပံ့ပိုးမှု၊ တော်လှန်ရေးအင်အားစု အသီးသီးရဲ့ စည်းလုံးညီညွတ်မှုနဲ့အတူ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို မလွဲမသွေ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က အလေးအနက် ပြောကြားခဲ့ပါတယ်။

 

ဓာတ်ပုံ – NUG