သီးနှံစျေးနှုန်း ကျဆင်းမှုကြောင့် တောင်သူတွေ အရှုံးပေါ်နေချိန် စိုက်ပျိုးစရိတ်ချေးငွေ တိုးပေးမယ်လို့ မင်းအောင်လှိုင် စည်းရုံး

Author CJ Platform
Categories
Published on Apr 21, 2026

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ တောင်သူတွေကို စိုက်ပျိုးစရိတ်ချေးငွေတွေ ထပ်တိုးထုတ်ပေးသွားမယ်လို့ ထည့်သွင်းထားတာကို တွေ့ရပါတယ်။

 

မနေ့ ဧပြီ ၂၀ ရက်မှာ ကျင်းပပြုလုပ်တဲ့ စစ်အုပ်စုရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကတစ်ဆင့် တောင်သူတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေတွေ တိုးမြှင့်ပေးမယ်လို့ ဆိုပါတယ်။

 

သီးနှံအလိုက် ချေးငွေတွေအနေနဲ့ စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါ တစ်ဧကကို ၃ သိန်းကျပ်၊ အခြားသီးနှံ ၁၈ မျိုးကို တစ်ဧက ၂ သိန်းကျပ်အပြင် ပန်း၊ နှမ်း၊ ဆီမုန်ညင်း၊ ဂုံလျှော် တစ်ဧကကို ၁ သိန်းကျပ်အထိ တိုးမြှင့်ပေးဆောင်မယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် လယ်ယာသုံး စက်ကိရိယာတွေ ဝယ်ယူဖို့အတွက် ကျပ်သိန်း ၃,၀၀၀ အောက်နဲ့ ကျပ်သိန်း ၃,၀၀၀ အထက်ဆိုပြီး ကဏ္ဍခွဲကာ ချေးငွေတွေကို ထုတ်ပေးသွားဖို့ စီစဉ်လျက်ရှိတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်မှာ နေထိုင်ကြပြီး လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းခန့်ဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိကလုပ်ကိုင်‌နေတာကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း ဆိုပါတယ်။

 

လက်ရှိမှာ စပါးစျေးနှုန်းနဲ့ ပဲစျေးနှုန်းတွေ ကျဆင်းနေခြင်း၊ ဓာတ်မြေဩဇာအပါအဝင် သွင်းအားစုစျေးနှုန်းတွေ မြင့်တက်နေခြင်းနဲ့ စက်သုံးဆီတွေ ဝယ်မရဖြစ်နေတာကြောင့် တောင်သူတွေ လယ်ယာမြေကို စတင်စွန့်ခွာလာချိန် သီးနှံစျေးနှုန်းမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်း မရှိသေးဘဲ အခုလို စိုက်ပျိုးစရိတ်ချေးငွေတွေကို ပိုထုတ်ပေးဖို့ စစ်အုပ်စုက လုပ်ဆောင်လာခြင်းဖြစ်ပါတယ်။