ကမာရွတ်မြို့နယ်မှာ အငှားယာဉ်တစ်စီး မီးလောင်ပျက်စီး
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ၆ ရပ်ကွက် High Way Complex အိမ်ရာဝင်းအတွင်းမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီက အငှားယာဉ်တစ်စီး မီးလောင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဒီနေ့ နေ့လယ် ၁၂ နာရီက High Way Complex အိမ်ရာဝင်းအတွင်းမှာ KIA Cerato အငှားယာဉ်တစ်စီး မီးလောင်နေကြောင်း သတင်းအရ သွားရောက်မီးငြှိမ်းသတ်ခဲ့ပြီး ဘာကြောင့် မီးလောင်တယ်ဆိုတာကို စစ်ဆေးနေဆဲဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“နေကအရမ်းပူတော့ ကားဝိုင်ယာရိန်းတွေ ရှော့ဖြစ်ပြီး မီးလောင်တာဖြစ်မယ်။ ကားခေါင်းပိုင်းတစ်ခုလုံးတော့ အတော်လေး ပျက်စီးသွားတယ်။ လူကတော့ ထိခိုက်မှုမရှိဘူး။ ဒီနှစ် ရန်ကုန်မှာ ကားမီးလောင်တာတွေ ဆက်တိုက်ဖြစ်နေလို့ ယာဉ်မောင်းတွေအနေနဲ့ သတိထားသင့်တယ်” လို့ ပြောပါတယ်။
လက်တလောမှာ အငှားယာဉ်မောင်းဖြစ်သူကို ကမာရွတ်မြို့နယ်ရဲစခန်းက စစ်ဆေးနေတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
ဧပြီလ ၁၀ ရက် ညနေ ၄ နာရီခွဲက ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးအနီး ဘုရင့်နောင်လမ်းမပေါ်မှာ YBS ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိပေ။
အလားတူပင် ဧပြီလ ၈ ရက် ညနေပိုင်းမှာ ဗဟန်းမြို့နယ် ရွှေဂုံတိုင်တံတားပေါ်မှာ ကား ၃ စီး တိုက်မိရာမှ ကား ၁ စီး မီးလောင်ခဲ့သလို ည ၇ နာရီခွဲမှာလည်း သာကေတမြို့နယ်၊ ရှုခင်းသာ မြို့ပတ်လမ်းမှာ အငှားယာဉ် ၁ စီး မီးလောင်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ထို့ပြင် ဧပြီလ ၅ ရက် မနက်ပိုင်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့် ၈ လမ်းမှာ ကား ၁ စီး မီးလောင်ခဲ့တာလည်း ရှိပါတယ်။
စစ်အုပ်စုလက်အောက်ခံ မှုခင်းသတင်းကနေ ထုတ်ပြန်ချက်တွေအရ ရန်ကုန်တိုင်းအတွင်းမှာ ဧပြီလ ၁ ရက်ကနေ ဧပြီလ ၂၀ ရက်အတွင်း ကားမီးလောင်မှု ၆ ကြိမ်နဲ့ ယာဉ်တိုက်မှု ၁၇ ကြိမ် ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အနာဂတ်အလင်းတန်း
