ရန်ကုန်တိုင်းအဝင် X-ray စစ်ဆေးရေးဂိတ်မှာ စစ်အုပ်စုက နည်းမျိုးစုံနဲ့ ငွေညှစ်

Author CJ Platform
Categories
Published on Apr 21, 2026

ဧရာဝတီတိုင်းအထွက် ရန်ကုန်တိုင်းအဝင် X-ray စက် စစ်ဆေးရေးဂိတ်မှာ စစ်အုပ်စုက မော်တော်ယာဉ်၊ ကုန်တင်ယာဉ်နဲ့ ခရီးသည်တွေကို နည်းမျိုးစုံနဲ့ ငွေကြေးတောင်းခံမှုတွေ လုပ်နေတယ်လို့ ခရီးသွားလာသူတွေဆီက သိရပါတယ်။

 

ရန်ကုန်တိုင်းအဝင် X-ray စက် တစ်ခါဖြတ်တိုင်း စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ကုန်တင်ယာဉ်တွေကို နည်းမျိုးစုံနဲ့ စစ်ဆေးပြီး သုံးသောင်းကနေ ငါးသောင်းအထိ တောင်းခံတယ်လို့ ကုန်ကားမောင်းသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကားသမားကို မှတ်ပုံတင်စစ်မယ်၊ ကုန်ပစ္စည်းကို ဘယ်ကနေသယ်ပြီး ဘယ်ကိုပို့မှာလဲ စစ်မယ်။ ပါလာတဲ့ ကုန်ပစ္စည်းအမျိုးအမည် မှားပြီးပြောမိတာတို့၊ ကုန်အနည်းငယ် ပိုတင်မိတာတို့ဆို ၂ သောင်းကနေ ၅ သောင်း ပေးရတယ်။ တရားမဝင်တဲ့ ကုန်ပစ္စည်းလည်း မဟုတ်ဘူး။ အဲဒါကို ပိုက်ဆံမရရအောင် တောင်းတာ။ အချို့ကုန်ကားသမားတွေဆို အကုသိုလ်များလို့ မမောင်းတော့ဘူး” လို့ ပြောပါတယ်။

 

ကုန်ကားသမားများနည်းတူ ခရီးသည်မော်တော်ယာဉ်နဲ့ ဘုရားဖူးယာဉ်တွေလည်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက တစ်သောင်းကနေ နှစ်သောင်းတောင်းတယ်လို့ ဘုရားဖူးယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“Express ကားတွေက တစ်သောင်းကနေ တစ်သောင်းခွဲ ပေးရတယ်။ အဲဒီလိုပေးလိုက်ရင် ဘာမှမစစ်ဘူး၊ မပေးရင် ကားပေါ်အထိတက်စစ်တာ။ ဘုရားဖူးကားတွေဆို တစ်စီးကို နှစ်သောင်းပေးရတယ်။ ချက်ချင်းမတောင်းဘူး ကားပေါ်ကလူအကုန်ဆင်းခိုင်းပြီး စစ်ဆေးလို့ဝမှ တောင်းတာ” လို့ ရှင်းပြပါတယ်။

 

ကုန်တင်ယာဉ်၊ မော်တော်ယာဉ်နဲ့ ဘုရားဖူးယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသွားပြည်သူတွေကို မှတ်ပုံတင်စစ်ဆေးကာ စစ်အုပ်စုက ငါးထောင်ကနေ တစ်သောင်းအထိ ငွေကြေးတောင်းခံတယ်လို့ ခရီးသွားပြည်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ခရီးသည်တွေကို ဖုန်းစစ်တယ်၊ မှတ်ပုံတင်စစ်တယ်။ မှတ်ပုံတင်က ဓာတ်ပုံပျက်နေရင် ငါးထောင်ပေးရတယ်၊ အသက် ၁၈ နှစ်ကျော်လို့ ပြန်မလဲရသေးရင် တစ်သောင်းပေးရတယ်။ ဒီလိုပေးရတာ ရန်ကုန်အဝင်ဂိတ်တစ်ခုတည်း မဟုတ်ဘူး၊ ဧရာဝတီတိုင်းအထွက်ဂိတ်မှာလည်း ပေးရတယ်။ ဧရာဝတီတိုင်းကနေ ရန်ကုန်ကိုလာရင် လမ်းမှာ စစ်တပ်ကို ဆက်ကြေးပေးဖို့ လေးသောင်း ငါးသောင်းလောက် အပိုဆောင်လာရတယ်” လို့ ပြောပါတယ်။

 

ဧရာဝတီတိုင်းအထွက် စစ်ဆေးရေးဂိတ်နဲ့ ရန်ကုန်တိုင်းအဝင်ဂိတ်မှာ တစ်ခါတစ်ရံ ရခိုင်ပြည်၊ စစ်ကိုင်းနဲ့ မကွေးတိုင်း မှတ်ပုံတင်ကိုင်ဆောင်သူတွေကို ဖမ်းဆီးရာတွင် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဂိတ်တွေလည်း ဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ နှစ်ကုန်ပိုင်းအတွင်း ဧရာဝတီတိုင်းအထွက် စစ်ဆေးရေးဂိတ်နဲ့ ရန်ကုန်တိုင်းအဝင်ဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၁၃ ဦး ရှိပါတယ်။