ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်က စိုက်ချေးငွေတိုးပြီး တောင်သူတွေကို စည်းရုံး  စပါးစျေးက တက်မလာ

Author CJ Platform
Categories
Published on May 09, 2026

နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်တွေကို ဝန်ခံညည်းတွားနေတဲ့ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က တစ်ဖက်မှာ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် တောင်သူလယ်သမားတွေကို စိုက်ပျိုးရေးချေးငွေတွေ တိုးမြှင့်ပေးကာ စည်းရုံးလာပါတယ်။

 

စစ်အုပ်စုရဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဒီကနေ့ မေ ၉ ရက်မှာ ထုတ်ပြန်လာတဲ့အချက်အလက်တွေအရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီကစတင်ပြီး စိုက်ပျိုးစရိတ်ချေးငွေတွေကို တိုးမြှင့်ထုတ်ချေးပေးတော့မယ်လို့ သိရပါတယ်။

 

အခုလို တိုးမြှင့်တဲ့အစီအစဉ်သစ်အရ စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါများအတွက် အရင်က ကျပ် ၁၅၀,၀၀၀ ကနေ ကျပ် ၃၀၀,၀၀၀ အထိ လည်းကောင်း၊ အခြားသီးနှံ ၁၈ မျိုးအတွက် ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ အထိ လည်းကောင်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်အတွက် အရင် ကျပ် ၁၀၀,၀၀၀ ကနေ ကျပ် ၁၅၀,၀၀၀ အထိ တိုးမြှင့်ပေးပြီး လာမယ့်မိုးချေးငွေတွေကိုတော့ မေ ၁၂ ရက်ကစတင်ကာ တစ်နှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။

 

ထို့ပြင် လယ်ယာသုံးစက်ကိရိယာတွေ ဝယ်ယူဖို့အတွက် ကျပ်သိန်း ၁၀၀ မှ ၅၀၀ အထိကို တစ်နှစ် ၈ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် ထုတ်ချေးပေးမှာဖြစ်ကာ တောင်သူတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းကို အာမခံအဖြစ် ပေးအပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိမှာ စပါးစျေးနှစ်တိုင်းကျဆင်းနေပြီး သွင်းအားစု စရိတ်နဲ့ နှိုင်းယှဉ်ပါက သီးနှံစျေးနှုန်းဟာ ကျဆင်းနေမှုကြောင့် တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေပြီး တောင်သူတွေအနေနဲ့ လယ်ယာမြေကို စွန့်ခွာတဲ့အထိ ဖြစ်ပေါ်နေပါတယ်။

 

မင်းအောင်လှိုင်ဟာ သူဦးဆောင်တဲ့ အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုနဲ့ ကန့်သတ်မှုတွေလုပ်ဆောင်ကာ ဖိအားပေးနေကြောင်း ပြီးခဲ့တဲ့ ​မေ ၆ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ ဝန်ခံခဲ့သလို ၎င်းတို့ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို သိက္ခာရှိရှိ အောင်မြင်ခဲ့တယ်လို့ အမွှန်းတင်ပြောကြားခဲ့ပေမယ့် လက်တွေ့မှာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု မရရှိတဲ့အပေါ် ညည်းတွားခဲ့တာလည်း ဖြစ်ပါတယ်။