Sim Card သုံးစွဲသူတွေရဲ့ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်း၊ အသုံးပြုသူ ပရိုဖိုင်ကို စစ်အုပ်စုက Operator တွေဆီ တောင်းခံတဲ့ လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာ

Author CJ Platform
Categories
Published on Mar 28, 2026

မြန်မာပြည်တွင်း ဆက်သွယ်ရေး Operator တွေဖြစ်တဲ့ ATOM၊ U9၊ MyTel တို့ဆီကနေ Sim Card သုံးစွဲသူအချို့ရဲ့ တည်နေရာ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ Sim Card အသုံးပြုသူရဲ့ ကိုယ်ရေးရာဇဝင်၊ Sim Card ထည့်သွင်းအသုံးပြုနေတဲ့ ဖုန်းရဲ့ IMEI တွေကို ပေးပို့ဖို့ စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းအချက်အလက် ရယူရေးအဖွဲ့က အမိန့်ပေးညွှန်ကြားထားတဲ့ လျှို့ဝှက်ညွှန်ကြားစာကို CJ Platform က လက်ခံရရှိထားပါတယ်။

ပေါက်ကြားစာမှာ U9 Sim Card အသုံးပြုသူ ၂ ဦး၊ ATOM Sim Card အသုံးပြုသူ ၈ ဦး၊ MyTel Sim Card အသုံးပြုသူ ၄ ဦးရဲ့ User Information၊ Location၊ Call List၊ IMEI တွေကို အမြန်ဆုံး ပေးပို့ဖို့ ထည့်သွင်းညွှန်ကြားထားတာကို တွေ့ရပါတယ်။

စစ်အုပ်စုက လိုက်လံထောက်လှမ်းနေတဲ့ Sim Card နံပါတ်တွေကို အသုံးပြုနေဆဲဖြစ်သူတွေ အမြန်ဆုံး သိရှိနိုင်ပြီး လိုအပ်တာတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် CJ Platform အနေနဲ့ ပေါက်ကြားစာမှာ ပါဝင်တဲ့ ဖုန်းနံပါတ်တွေကို ဖုံးကွယ်ခြင်းမရှိဘဲ သတင်းဓာတ်ပုံမှာ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ အခွန်အကြောင်းပြကာ ပြည်သူတွေ သုံးစွဲနေတဲ့ လက်ကိုင်ဖုန်းတွေက မိုဘိုင်းဖုန်း တစ်လုံးချင်းစီရဲ့ မှတ်ပုံတင်နံပါတ် (International Mobile Equipment Identity – IMEI) နံပါတ်တွေကို လာမယ့် မတ် ၃၁ ရက် နောက်ဆုံးထားပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံစနစ် (Central Equipment Identity Register – CEIR) မှာ Sim Card နဲ့အတူ မှတ်ပုံတင်ရမယ်လို့ ညွှန်ကြားထားပါတယ်။

ဒါဟာ ဆက်သွယ်ရေး Operator တွေဆီကနေတစ်ဆင့် ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စစ်အုပ်စုက စောင့်ကြည့်ဖို့အတွက် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။