စက်သုံးဆီမရ၊ အထွေထွေဈေးတက်၊ စပါးဈေးကျလို့ ခွက်ခွက်လန်ရှုံးနေတဲ့ တောင်သူတွေ

Author CJ Platform
Categories
Published on Mar 28, 2026

ရက် ၉၀ စပါးတွေ စတင်ပေါ်ထွက်လာချိန်မှာ တောင်သူတွေအနေနဲ့ စပါးဈေးနှုန်းကျပြီး စက်သုံးဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်ကာ ဝယ်ယူမရတာကြောင့် စပါးရိတ်သိမ်းဖို့ အခက်ကြုံနေရကာ မရိတ်သိမ်းခင်ကတည်းက အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ဧရာဝတီတိုင်းက တောင်သူဦးကြီးတွေက ပြောပါတယ်။

 

ရက် ၉၀ စပါး တင်းတစ်ရာကို ၁၂ သိန်းကနေ ၁၈ သိန်းကြားသာ ဈေးရနေပြီး စပါးရိတ်သိမ်းဖို့ စက်သုံးဆီဟာ ဒီဇယ်တစ်လီတာကို ၁၀,၅၀၀ ကျပ်ကနေ ၂၀,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နေပါတယ်။ ဆီအခက်အခဲကြောင့် ရိတ်သိမ်းခြွေလှေ့စက်တွေပါ ငှားရမ်းမရတာကြောင့် စပါးရိတ်သိမ်းဖို့ပါ အခက်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

“ရိတ်ခြွေက အရင်က ဆယ်လံ ၁၂ ကွက်ကို ၃ သိန်းတောင်းတယ်၊ အခုက ၃ သိန်းပေးလည်း မရတော့ဘူး။ ဆီဝယ်ပေးမှာလား၊ ဆီရရင် လာမယ်ဆိုပြီး ဖြစ်ကုန်တယ်။ ဆီကလည်း ဘယ်ကမှ ဝယ်မရဘူး။ လူနဲ့သိမ်းဖို့လည်း ခွက်ကောက်သမားတွေက နေပြင်းလို့တော့ ငှားမရဘူး” လို့ လပွတ္တာမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။

 

စက်တွေအသုံးပြု ရိတ်သိမ်းဖို့ ခက်ခဲနေတာကြောင့် လူအင်အားသုံး ရိတ်သိမ်းဖို့မှာလည်း အပူချိန်မြင့်တက်လာမှုအပြင် လူငယ်တွေ ရှားပါးလာမှုကြောင့် ခွက်ကောက် (ပုတ်ပြတ် အငှားလိုက်သူတွေ) ကြိုတင်ငှားရမ်းဖို့မှာလည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

“ခွက်ကောက်လည်း မရဘူး၊ နေ့စားဆိုလည်း တစ်နေ့ တစ်သောင်းကနေ နှစ်သောင်းလောက်အထိ ရှိနေတယ်။ ငှားလို့မရဘူး၊ အဆင်မပြေဘူး။ ရိတ်ဖို့တောင် အဆင်မပြေဖြစ်နေတာ နောက်နှစ်အတွက် ထယ်ခွဲမယ်ဆိုရင် ဘယ်ကဆီသုံးပြီး စက်မောင်းရမလဲ မသိဘူး။ ကျွဲ၊ နွားဆိုတာလည်း တောင်သူ့လက်ထဲ မရှိတော့ဘူးလေ” လို့ ဧရာဝတီတိုင်းအတွင်းက တောင်သူတစ်ဦးက ပြောပါတယ်။

 

စပါးစိုက်တောင်သူတွေ အခက်ကြုံနေချိန် ပဲစိုက်တောင်သူတွေမှာလည်း ရာသီဖောက်တာကြောင့် ထွက်နှုန်းကျဆင်းတာ၊ စက်သုံးဆီမရလို့ ခြွေလှေ့လို့မရတာ၊ အပူချိန်မြင့်တက်နေတာကြောင့် ပဲနုတ်ဖို့ ခက်ခဲတာအပြင် စိုက်ပျိုးရေးဆေးဝါးတွေ ဈေးနှုန်းမြင့်တက်နေတာကြောင့် ပဲမသိမ်းရသေးဘဲ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Related News

Depend on news