သမ္မတကြီး ဦးဝင်းမြင့် တကယ်မလွတ်မြောက်သေးဘူးလို့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဂျာမနီသံရုံးယာယီတာဝန်ခံကို စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာန ခေါ်ယူသတိပေး စစ်အုပ်စုနဲ့ လက်မတွဲလိုလျှင် ဆက်လက်တာဝန်မထမ်းဆောင်ဖို့ပါ ပြော 

Author CJ Platform
Categories
Published on Nov 10, 2026

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ရဲ့ မွေးနေ့မှာ သမ္မတကြီးရဲ့ နေအိမ်ရှေ့ကို သွားရောက်ပြီး မွေးနေ့ဆုတောင်းစကား ပြောကြားကာ သမ္မတကြီး ဦးဝင်းမြင့် တကယ် မလွတ်မြောက်သေးဘူးလို့ ပြောကြားပြီး ဂျာမနီသံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရုပ်သံမှတ်တမ်းနဲ့အတူ ဆုတောင်းစကားပြုခဲ့တဲ့ ဂျာမနီသံရုံးယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ် လေရှာ့စ်ကို စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်မှာ ခေါ်ယူသတိပေးခဲ့ပြီး သတိထောက်လွှာ ပေးအပ်ခဲ့ပါတယ်။

 

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုအတွင်း စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ဂျာမနီသံတမန်ရဲ့ ပြောဆိုချက်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး အိမ်ရှင်နိုင်ငံရဲ့ နိုင်ငံတော်အကြီးအကဲကို စော်ကားရာရောက်တယ်လို့ ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် အဲဒီဗီဒီယိုဟာ အတုယောင် ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ၁၃ ဒသမ ၁၃ သန်းကျော်ကို မထီမဲ့မြင်ပြုရာရောက်တယ်လို့လည်း ဦးကိုကိုကျော်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

 

ဂျာမနီသံတမန်ရဲ့ ဗီဒီယိုရိုက်ကူးတဲ့ နေရာရွေးချယ်မှုနဲ့ ပြောဆိုချက်တွေဟာ ပြည်တွင်းမငြိမ်သက်မှု ဖြစ်ပေါ်စေဖို့နဲ့ အစိုးရအပေါ် အကြည်ညိုပျက်စေဖို့ အားပေးလှုံ့ဆော်တဲ့ သဘောသက်ရောက်နေတယ်လို့လည်း စစ်အုပ်စုဘက်က ပြောဆိုထားပါတယ်။

 

အဲဒီတွေ့ဆုံမှုမှာ ဦးကိုကိုကျော်က ၁၉၆၁ ခုနှစ် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၄၁(၁) ကို ကိုးကားပြီး သံတမန်တွေဟာ လက်ခံတဲ့နိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်း မပြုဖို့ တာဝန်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် ဂျာမနီသံရုံးယာယီတာဝန်ခံအနေနဲ့ လက်ရှိအစိုးရနဲ့ လက်တွဲဆောင်ရွက်လိုခြင်းမရှိဘဲ မြန်မာနိုင်ငံမှာ ဆက်လက်တာဝန်မထမ်းဆောင်လိုပါက တားမြစ်မှာမဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

 

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အဲဒီဗီဒီယိုကို ထုတ်ပြန်ဖို့ ခွင့်ပြုခဲ့တာလား၊ သံရုံးယာယီတာဝန်ခံရဲ့ ကိုယ်ပိုင်သဘောဆန္ဒနဲ့ ထုတ်ပြန်ခဲ့တာလားဆိုတာကို တရားဝင်ရှင်းလင်းပေးဖို့လည်း စစ်အုပ်စုဘက်က တောင်းဆိုထားပါတယ်။

 

အလားတူလုပ်ရပ်မျိုး ထပ်မံမလုပ်ဆောင်ဖို့ သတိပေးခဲ့ပြီး ထပ်မံလုပ်ဆောင်လာပါက နိုင်ငံတကာဥပဒေနဲ့ သံတမန်ရေးရာအစဉ်အလာတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဂျာမနီသံရုံးယာယီတာဝန်ခံကို ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

#CJPlatform #ဂျာမနီ #သံတမန်ရေးရာ #မြန်မာ့နိုင်ငံရေး #စစ်အုပ်စု