ရန်ကုန်မှာ စက်သုံးဆီပြတ်လပ်၊ တစ်လီတာ ပြင်ပပေါက်ဈေး ကျပ် ၉,၀၀၀ အထိရှိလာ

Author CJ Platform
Categories
Published on Nov 09, 2026

ရန်ကုန်မြို့မှာ စက်သုံးဆီပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး စက်သုံးဆီတစ်လီတာကို ပြင်ပပေါက်ဈေး ကျပ် ၉,၀၀၀ အထိ ပေးဝယ်နေရတယ်လို့ ကယ်ရီမောင်းသူတွေနဲ့ အသေးစားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

 

အောက်တိုဘာလမကုန်ခင်က စက်သုံးဆီတစ်လီတာကို ပြင်ပပေါက်ဈေး ကျပ် ၄,၅၀၀ သာရှိခဲ့ရာကနေ နိုဝင်ဘာ ၈ ရက်မှာ ကျပ် ၉,၀၀၀ အထိ မြင့်တက်လာတာလို့ မြောက်ဥက္ကလာပမြို့နယ်မှာ ကယ်ရီမောင်းသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဘေးတွဲတွေက ဆီဆိုင်ကနေ ဝယ်လို့မရတော့ လမ်းဘေးဆိုင်ကနေ ဝယ်ရတာ။ အခု လမ်းဘေးဆိုင်တွေကိုလည်း ဖမ်းနေတော့ ခိုးပြီးဝယ်နေရတာ။ ဆီက တစ်လီတာကို ၉,၀၀၀ ဖြစ်သွားတယ်။ ဆီဈေးတက်ပေမဲ့ ကယ်ရီခကို ပိုတောင်းလို့မရတော့ တချို့ဘေးတွဲတွေဆို မထွက်ဘူး” လို့ သူက ပြောပါတယ်။

 

အရင်က စက်သုံးဆီတစ်ဂါလံကို ပြင်ပပေါက်ဈေး ကျပ် ၂၃,၀၀၀ သာရှိခဲ့ပေမဲ့ အခုအခါ ကျပ် ၄၀,၀၀၀ နီးပါးအထိ မြင့်တက်လာတာကြောင့် လျှပ်စစ်မီးပြတ်ချိန်မှာ မီးစက်မောင်းပြီး လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ အသေးစားအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဆီဈေးက ပြင်ပပေါက်ဈေး ၄,၅၀၀ ကနေ ၉,၀၀၀ ဆိုတော့ နှစ်ဆထိုးတက်သွားတာ။ အရင်က မီးပျက်ရင် မီးစက်မောင်းပြီး လုပ်ငန်းလည်ပတ်လို့ရသေးတယ်။ အခုက မီးပျက်ရင် ငုတ်တုတ်ထိုင်နေရတယ်။ တစ်ဂါလံ ၄ သောင်းနီးပါးပေးဝယ်တာတောင် ဝယ်ချင်တိုင်း ဝယ်မရဘူး” လို့ သူက ပြောပါတယ်။

 

ပြင်ပမှာ စက်သုံးဆီရောင်းချနေသူတွေကလည်း တိုင်း၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်အဆင့်ဆင့်ကို လိုင်းကြေးပေးရတာကြောင့် ဆီဈေးမြင့်တက်လာတာလို့ ရောင်းချသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လမ်းဘေးဆိုင်တွေကို စီမံချက်နဲ့ ဖမ်းပေမဲ့ လိုင်းကြေးက တိုင်းကနေ ရပ်ကွက်အထိ ပေးရတော့ သူတို့ကိုပေးဖို့အတွက် ဖယ်ပြီး အမြတ်ကျန်အောင် ရောင်းရတာ။ တစ်ခါတလေ ဖမ်းမိလို့ လူစားထိုးရင် သိန်းရာချီကုန်တာ” လို့ သူက ရှင်းပြပါတယ်။

 

နိုဝင်ဘာ ၂ ရက်က စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ 92 တစ်လီတာကို ကျပ် ၄,၅၄၀၊ 95 တစ်လီတာကို ကျပ် ၄,၅၉၀၊ HSD 500ppm တစ်လီတာကို ကျပ် ၄,၀၁၅၊ HSD 60ppm နဲ့ HSD 10ppm တစ်လီတာစီကို ကျပ် ၅,၄၈၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

 

 

 

Related News

Depend on news