ကုန်ဈေးနှုန်းကြီးမြင့်လာပြီး ဝင်ငွေနဲ့ ထွက်ငွေမမျှလို့ အိမ်ရှင်မတွေ တွက်ချက်ပြီး ချက်ပြုတ်နေရ

Author CJ Platform
Categories
Published on Nov 10, 2026

အခြေခံစားသောက်ကုန်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်လာတာကြောင့် ဝင်ငွေနဲ့ ထွက်ငွေမမျှတဲ့ မိသားစုတွေအနေနဲ့ ရရှိတဲ့ငွေနဲ့ လောက်ငှအောင် ဈေးနှုန်းတွက်ချက်ပြီး ချက်ပြုတ်နေရတယ်လို့ အိမ်ရှင်မတွေဆီက သိရပါတယ်။

 

မရှိမဖြစ် မီးဖိုချောင်သုံးပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အချိုမှုန့်နဲ့ ဟင်းစားတွေ ဈေးနှုန်းအဆမတန် မြင့်တက်လာတာကြောင့် ရရှိတဲ့ငွေနဲ့ လောက်ငှအောင် ချက်ပြုတ်နေရတယ်လို့ တောင်ဒဂုံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လက်လုပ်လက်စားသမားက တစ်ရက် ၂၅,၀၀၀ ခွဲရရင် ဆန်တစ်ပြည်က ၅,၆၀၀၊ ဆီတစ်သားက ၂,၀၀၀၊ ကြက်သွန်နီ တစ်ဆယ်သား ၁,၆၀၀၊ အချိုမှုန့်နဲ့ ငရုတ်သီးမှုန့်တစ်ထုပ် ၁,၀၀၀။ ဟင်းစားမဝယ်ရသေးခင် ၁၀,၀၀၀ လောက် ကုန်သွားပြီ။ အသားဟင်းချက်မယ်ဆို ၁ သောင်း၊ ဟင်းသီးဟင်းရွက်ပဲ ကြော်မယ်ဆိုရင်တောင် အနည်းဆုံး ၅,၀၀၀ ကုန်တယ်။ ဒီကြားထဲ မနက်အလုပ်သွားဖို့အတွက်လည်း ချန်ပြီး ချက်ပြုတ်ရတာ” လို့ သူက ပြောပါတယ်။

 

လခစားဝန်ထမ်းနဲ့ စက်ရုံဝန်ထမ်းရှိတဲ့ အိမ်ထောင်စုတွေမှာလည်း အိမ်လခ၊ ရေဖိုး၊ မီးဖိုးနဲ့ ကျောင်းစရိတ်တွေ ဖယ်ပြီး ကျန်တဲ့လစာနဲ့ တစ်လလုံး လောက်ငှနိုင်ရေးအတွက် တွက်ချက်ပြီး ချက်ပြုတ်နေရတယ်လို့ မြောက်ဥက္ကလာပမြို့နယ်က အိမ်ရှင်မတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လခစားဝန်ထမ်းက ၃ သိန်းကျော်ရတယ်၊ စက်ရုံအလုပ်သမားက ၄ သိန်းကျော်ရတယ်။ ၇ သိန်းကျော်လောက် ဝင်ပေမဲ့ အိမ်လခ အရင်ဖယ်ရတယ်။ ပိုတာကို မီတာဖိုး၊ ရေဖိုးနှုတ်ပြီး တစ်လလုံးလောက်အောင် ချက်ရတာ။ ဟင်းကတော့ ကောင်းတာမကောင်းတာ မသိဘူး၊ ဝမ်းဝဖို့ပဲ စားရတာ” လို့ ပြောပါတယ်။

 

ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ကလေးငယ်တွေအတွက် မနက်မုန့်ဖိုးတောင် မပေးနိုင်တော့ဘူးလို့ လှည်းကူးမြို့ခံ အိမ်ရှင်မတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကလေးတွေအတွက် မနက်မုန့်ဖိုးဆိုတာ မရှိတော့ဘူး။ အသုတ်တစ်ပွဲ ၂,၀၀၀၊ မုန့်ဟင်းခါးတစ်ပွဲ ၂,၀၀၀ ဆိုတော့ ကလေးများရင် ဝယ်မကျွေးနိုင်ဘူး။ ထမင်း၊ ဟင်းချက်ဖို့လည်း ရှိတာကိုး။ အိမ်မှာရှိတဲ့ ထမင်းကို ငပိရည်နဲ့နယ်ပြီး အကြော်နဲ့ ကျွေးရတယ်။ ဒီကြားထဲ မီးပျက်ရင် ဖယောင်းတိုင်ဝယ်၊ မီးသွေးဝယ်ချက်ရတာက ဒုက္ခတစ်ခု” လို့ သူက ပြောပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး ပြည်သူတချို့ဟာ မနက်စာနဲ့ ညစာကို ပေါင်းစားနေရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

 

 

 

Related News

Depend on news