ရွာထောင် မီးရထားစက်ခေါင်းရုံမှ CDM အလုပ်ရုံစုမှူး ဖမ်းဆီးခံရ

Author ကိုပေါက်
Categories
Published on Nov 02, 2022

 

စစ်ကိုင်းမြို့၊ ရွာထောင်မီးရထားစက်ခေါင်းရုံမှ အလုပ်ရုံစုမှူး (AFO) ကို ယမန်နေ့ နေ့လည်ပိုင်းက စစ် ကောင်စီတပ်မှ ဖမ်းဆီးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

CDM အလုပ်ရုံစုမှူး ဦးအောင်ကျော်ကျော်ကို ယမန်နေ့ နေ့လည်ပိုင်းက စစ်ကိုင်းမြို့ ပုပ္ပါးကျေးရွာအနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ဒလန်က သတင်းအတိအကျပေးလို့ ရှောင်နေတဲ့ရွာဘက်က အိမ်ကို လာဖမ်းသွားတာ ဖုန်းနဲ့လက်တော့ကိုလည်း သိမ်းသွားတယ်”ဟု ပြောသည်။

ဦးအောင်ကျော်ကျော်ကို စစ်ကောင်စီတပ်နှင့် ရဲများက ဖမ်းဆီးသွားပြီးနောက် မည့်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသည့်အတွက် မိသားစုဝင်များမှ စိုးရိမ်နေသည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

“သူ့ကိုစစ်တပ်က ဖမ်းပြီးတော့ ဘယ်ခေါ်သွားလဲ မသိဘူး စစ်ကိုင်းရဲစခန်းမှာလည်းမရှိဘူး မိသားစုဝင်တွေက သတ်ခံရမှာပဲ စိုးရိမ်နေတာ”ဟု ရှင်းပြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဌာနဆိုင်ရာဝန်ထမ်းအများစု CDM ပြုလုပ်ကြပြီး အချို့မှာ ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူများနှင့် အမှုရင်ဆိုင်နေရသူများလည်း ရှိခဲ့သည်။