စစ်မှုထမ်းစုဆောင်းရာမှာ အသက်မပြည့်သူတွေနဲ့ အသက်ကျော်လွန်သူတွေ ပါဝင်ခဲ့ကြောင်း စစ်ကော်မရှင် ဝန်ခံ

Author CJ Platform
Categories
Published on Feb 27, 2026

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာမှာ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်နေသူတွေကိုပါ ဖမ်းဆီးခေါ်ဆောင်မှုတွေ ရှိနေတယ်ဆိုတာကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးက ပထမဆုံးအကြိမ် ဝန်ခံပြောကြားလိုက်ပါတယ်။

 

ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးမှာ အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူ့စစ်မှုထမ်းတွေကို စုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်တဲ့သူတွေနဲ့ အသက်ကျော်လွန်နေတဲ့သူတွေကို တွေ့ရှိရတာကြောင့် ပြန်လည်စေလွှတ်ရတာမျိုးတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

 

ဒါဟာ မြေပြင်မှာ စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက လမ်းပေါ်မှာ တွေ့သမျှလူကို ဖမ်းဆီးတာ၊ အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးတာနဲ့ လူစားထိုးခေါ်ယူတာတွေ လုပ်ဆောင်ရာမှာ အမှန်တကယ် စစ်မှုထမ်းရမယ့် အသက်အပိုင်းအခြားကို ဂရုမစိုက်ဘဲ အတင်းအဓမ္မ ခေါ်ဆောင်နေတယ်ဆိုတဲ့အချက်ကို ဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။

 

ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အခုလို အသက်မပြည့်သူတွေကို မှားယွင်းခေါ်ယူတာမျိုး မဖြစ်အောင် သေချာစိစစ်ဖို့ ပြောကြားခဲ့ပြီး၊ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ငွေကြေးမသမာမှုတွေ မလုပ်ဖို့နဲ့ လူမှုဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ဖို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါဟာ မြေပြင်မှာ စစ်မှုထမ်းစာရင်းကနေ ပယ်ဖျက်ပေးဖို့အတွက် အုပ်ချုပ်ရေးမှူးတွေက ငွေကြေးအမြောက်အမြား တောင်းခံနေတာ၊ ငွေမပေးနိုင်တဲ့ ဆင်းရဲသားတွေကိုသာ ပစ်မှတ်ထား ဖမ်းဆီးနေတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကို အတည်ပြုပေးလိုက်တာပါ။

 

လက်ရှိအချိန်အထိ စစ်ကော်မရှင်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၂) အထိ ခေါ်ယူခဲ့ပြီးပြီဖြစ်ကာ အပတ်စဉ်တစ်ခုကို လူငယ် ၅,၀၀၀ ဝန်းကျင် ခေါ်ယူနေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်းမှုတွေနဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေမှုတွေ ပိုမိုများပြားလာနေတဲ့အပေါ် အစဉ်တစိုက် သတိပေးနေကြပါတယ်။

 

ဓာတ်ပုံ – Pro-SAC