ဝန်ကြီးချုပ်ရုံး PU ဝန်ထမ်းတွေရဲ့ ထည့်ဝင်ရန်ပုံငွေ ပျမ်းမျှဒေါ်လာ ၈၀,၀၀၀ ကို တိကျတဲ့မူဝါဒမရှိဘဲ သုံးစွဲခဲ့မိသလို အများစုကို မသုံးစွဲဘဲ ထားရှိထားတယ်လို့ NUG ပြော
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးရဲ့ မူဝါဒရေးရာအကြံပေးအဖွဲ့ (Policy Unit) ဝန်ထမ်းတွေရဲ့ အချိုးကျရန်ပုံငွေ ပျမ်းမျှဒေါ်လာ ၈၀,၀၀၀ (ဘတ် ၂ သန်းခွဲကျော်) ကို ကာလရှည် မသုံးစွဲဘဲ ထားရှိထားတယ်လို့ NUG ပညာရေးဝန်ကြီး ဒေါ်ဂျာထွယ်ပန်က ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ CJ Platform ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုထားပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၄ ဇွန်လအထိ စုဆောင်းခဲ့တဲ့ PU ဝန်ထမ်းတွေရဲ့ ရန်ပုံငွေ ပျမ်းမျှဒေါ်လာ ၈၀,၀၀၀ ကို ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက တော်လှန်ရေးအတွက် ပြန်အသုံးပြုရာမှာ တိကျတဲ့မူဝါဒ မရှိခဲ့ဘူးလို့ ဒေါ်ဂျာထွယ်ပန်က ပြောပါတယ်။ ဒါ့အပြင် ဒီရန်ပုံငွေရဲ့ အများစုကို မသုံးစွဲဘဲ၊ အသုံးမပြုသေးဘဲ ထားထားတယ်လို့ ဆိုပါတယ်။
“ပေါ်လစီအနေနဲ့ သူတို့က အတိအကျမရှိခဲ့တာတော့ ရှိတယ်။ ဒီလိုမျိုးနေရာမှာ မြေပြင် ဘယ်ဌာန ဘယ်လိုပေးမယ်ဆိုတာ အတိအကျမရှိခဲ့တာတော့ တွေ့ရတယ်။ ပြီးတော့ အဲဒီဘတ်ဂျတ်အများစုက မသုံးခဲ့တာကိုလည်း တွေ့ရတယ်။ သုံးပြီးတာမဟုတ်၊ မသုံးသေးတာကိုလည်း တွေ့ရပါတယ်” လို့ ဒေါ်ဂျာထွယ်ပန်က CJ Platform ကို ပြောပါတယ်။
ဒါဟာ တော်လှန်ရေးရန်ပုံငွေအတွက် နိုင်ငံတကာအကူအညီတွေ ရှာဖွေနိုင်ဖို့ NUG ဝန်ကြီးချုပ်ရုံး မူဝါဒရေးရာအကြံပေးအဖွဲ့ (Policy Unit) ကို ၂၀၂၂ ခုနှစ်အတွင်း စတင်ဖွဲ့စည်းခဲ့ပြီး အကြံပေးအဖွဲ့ရဲ့ အရာရှိတွေကို USAID – Nathan Associate က ထောက်ပံ့ပေးခဲ့တယ်လို့ ဒေါ်ကြည်ပြာကို တိုင်ကြားသူတွေရဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက် တိုင်ကြားစာမှာ ဖော်ပြထားတယ်။
ဝန်ကြီးချုပ်ရုံး မူဝါဒရေးရာအကြံပေးအဖွဲ့ အရာရှိတွေဖြစ်တဲ့ မတ်သရူးအာနိုး၊ ဒေါ်ကြည်ပြာချစ်စော၊ ဦးဖြိုး၊ ဦးညီညီမင်း၊ ဦးဝင်းမင်း၊ ဦးအေးချမ်း၊ ဦးအောင်မြင်၊ ဦးမာတင်၊ ဦးကြည်ရှိန်တို့ကို USAID – Nathan Associate က လစဉ်အကြမ်းဖျင်း တစ်လ ဒေါ်လာ ၃,၀၀၀ စာချုပ်တွေနဲ့ ၂၀၂၂ စက်တင်ဘာလမှာ စတင်ထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။
“ဝန်ထမ်းသက်သာချောင်ချိရေးနဲ့ PDF တွေကို ထောက်ပံ့တဲ့နေရာမှာ သုံးမယ်လို့ ကျွန်တော်တို့ နားလည်ထားတာ။ ဒါက ပုဂ္ဂိုလ်ရေးသုံးဖို့ မဟုတ်ဘူးလို့ နားလည်ထားတယ်။ ကျွန်တော်တို့လည်း ကြည်ကြည်ဖြူဖြူ ထည့်ဝင်ခဲ့တယ်။ အဲဒီမှာ ဘာဖြစ်လာလဲဆိုတော့ စုစည်းလာတဲ့ ငွေကြေးတွေကို (ဒေါ်ကြည်ပြာတို့) လင်မယားနှစ်ယောက်ကပဲ ကိုင်တွယ်လိုက်ပြီးတော့ သူတို့ သုံးချင်သလိုသုံးတဲ့ သဘောသက်ရောက်တယ်၊ ဒါကို စည်းဘောင်နဲ့ဖြစ်ဖို့ ပွင့်လင်းမြင်သာမှုရှိဖို့ ပြောခဲ့တာမျိုးရှိတယ်။ ဒါပေမယ့် အဲဒါကို အပြောမခံဘူး” လို့ PU အဖွဲ့ထဲ ပါဝင်ခဲ့ပြီး ရန်ပုံငွေထည့်ဝင်ခဲ့သူလည်းဖြစ်သူ တိုင်ကြားသူများအတွင်း ပါဝင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒီရန်ပုံငွေကြေးတွေအပေါ် ပြန်လည်စစ်ဆေးဖို့အတွက် အချက်အလက်တွေ များလွန်းသလို စုံခုံဖွဲ့စစ်ဆေးမှုအတွင်း အချို့တွေ့ရှိချက်တွေကို ပြန်လည်စိစစ်ရမယ့် အခြေအနေလည်း ဖြစ်နေတယ်လို့ ဒေါ်ဂျာထွယ်ပန်ကလည်း ပြောပါတယ်။
မူဝါဒရေးရာအကြံပေးအဖွဲ့ (PU) ဝန်ထမ်းတွေအနေနဲ့ ဝန်ကြီးချုပ်ရုံးဝန်ထမ်းတွေ သက်သာချောင်ချိရေး၊ CDM ဝန်ထမ်းတွေ ထောက်ပံ့နိုင်ရေးနဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ဖို့အတွက်ဆိုကာ PU ဝန်ထမ်းတွေရရှိငွေကနေ ၂၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်း စတဲ့ အချိုးကျထည့်ဝင်မှုကို ဝန်ကြီးချုပ်ရုံး ရန်ပုံငွေအတွက် ဒေါ်ကြည်ပြာရဲ့ အမျိုးသားဖြစ်သူ ဦးညီညီမင်းရဲ့ ဘဏ်အကောင့်ကနေတစ်ဆင့် ပြန်လည်ထည့်ဝင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလိုထည့်ဝင်မှုဟာ ၂၀၂၂ စက်တင်ဘာလကနေ ၂၀၂၄ ဇွန်လအထိ စုစုပေါင်း ၂၂ လ ကာလအတွင်း မြန်မာနိုင်ငံသား PU ဝန်ထမ်း ၆ ဦးရဲ့ ထည့်ဝင်ငွေဟာ ပျမ်းမျှဒေါ်လာ ၈၀,၀၀၀ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါဟာ ဦးညီညီမင်းရဲ့ အချိုးထည့်ဝင်မှုနှုန်းကို မသိရတာကြောင့် ဒီအချိုးကျတွက်ချက်မှုမှာ ထည့်သွင်းတွက်ချက်ထားတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။
PU ဝန်ထမ်းတွေရဲ့ ထည့်ဝင်ရန်ပုံငွေအချို့ကို အသုံးပြုတာမှာ တိကျတဲ့မူဝါဒ မရှိခဲ့သလို အများစုကို ကာလရှည် အသုံးမပြုခဲ့ရသေးပေမယ့် NUG အစိုးရအဖွဲ့ရဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ်ကြည်ပြာရဲ့ ငွေကြေးစာရင်း အသုံးစာရင်းမှာ အမှားအယွင်းမရှိဘူးလို့ ဒေါ်ဂျာထွယ်ပန်က ပြောဆိုထားပါတယ်။
နိုင်ငံတကာက အကူအညီပေးတဲ့ ထောက်ပံ့ငွေတွေနဲ့ ဝန်ကြီးချုပ်ရုံးအတွက် ဒေါ်ကြည်ပြာရဲ့ ဘဏ္ဍာငွေအသုံးစာရင်းတွေကို စစ်ဆေးမယ်ဆိုပါက ဘဏ်ငွေအဝင်အထွက်စာရင်း (Bank Statement) ကိုပါ NUG အစိုးရအဖွဲ့အနေနဲ့ စစ်ဆေးဖို့လိုအပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု လိုအပ်တယ်လို့လည်း PU အဖွဲ့ထဲ ပါဝင်ခဲ့ပြီး ရန်ပုံငွေထည့်ဝင်ခဲ့သူလည်းဖြစ်သူ တိုင်ကြားသူများအတွင်း ပါဝင်သူတစ်ဦးက ပြောထားပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း CJ Platform က မေးမြန်းခွင့်ရရှိခဲ့တဲ့ မေးခွန်း ၂ခုအနက် “ဝန်ကြီးချုပ်ရုံးမှာ ဒေါ်ကြည်ပြာက သူ့ရဲ့အမျိုးသား ဦးညီညီမင်းနဲ့ ဆွေမျိုးတွေကို အလုပ်ခန့်ထားတာဟာ လုပ်ငန်းခွင်အကျိုးစီးပွားပဋိပက္ခကို သတိပြုမိတယ်ဆိုရင် ဒီလိုခန့်ထားမှုကို ဝန်ကြီးချုပ်ကိုယ်တိုင် လက်ခံခဲ့တာလား။ ဒါမှမဟုတ် ဒေါ်ကြည်ပြာ သဘောနဲ့ပဲ ခန့်ထားတာလား”ဆိုတဲ့ မေးခွန်းကိုတော့ တာဝန်ရှိသူတွေက ရှင်းလင်းစွာ ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပါဘူး။
