အောင်ဘာလေထီ ၅စောင်တွဲကို ငွေ ၆သောင်းနဲ့ မဖြစ်မနေဝယ်ယူဖို့ စစ်အုပ်စုက ဖိအားပေးရောင်းချ

Author CJ Platform
Categories
Published on Feb 20, 2026

စစ်အုပ်စုရဲ့ အောင်ဘာလေထီ ၅စောင်တွဲ တစ်အုပ်ကို ငွေကျပ် ၆သောင်းနဲ့ မဖြစ်မနေဝယ်ယူဖို့ စစ်အုပ်စုနဲ့ ပျူစောထီးတွေက စစ်ကိုင်းမြို့မှာ လိုက်လံရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်းကစလို့ စစ်ကိုင်းမြို့က ဘောဂါရပ်၊ ဒါးဝယ်ဈေးရပ်၊ ဈေးကုန်းရပ်၊ ဧမြဝတီရပ်ကွက်တို့မှာ ထီ ၅ စောင်တွဲ တစ်အုပ်ကို ၆ သောင်းနဲ့ မထိုးမနေရ ဖိအားပေးကာ လိုက်လံရောင်းချနေတာပဲဖြစ်ပါတယ်။

 

“ကျွန်တော်တို့အိမ်ဆိုလည်း လာရောင်းတယ်၊ လတိုင်းပဲ။ အပြင်မှာ တစ်စောင် ထောင်ပိုင်းပဲ ရှိမှာပါ။ သူတို့က ၅ စောင်ကို ၆ သောင်းနဲ့ လိုက်ရောင်းတာ။ ပျူတွေ လာလာပြီး ရောင်းတာ၊ ကြောက်တော့လည်း ထိုးရတာပဲ” လို့ စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုရဲ့ အောင်ဘာလေထီ တစ်စောင်ကို ကျပ် ၁,၀၀၀ နှုန်းနဲ့ တရားဝင် သတ်မှတ်ထားပေမယ့် စစ်အုပ်စုလက်အောက်ခံ တပ်သားနဲ့ ပျူစောထီးတွေဟာ ကွမ်းယာဆိုင်၊ စတိုးဆိုင်၊ ဆီဆိုင်စတဲ့ ဈေးဆိုင်တွေနဲ့ ကျောက်လုပ်ငန်းလုပ်ကိုင်တဲ့ နေအိမ်တွေကို ပစ်မှတ်ထားပြီး အခုလို ဈေးမြှင့်တင် လိုက်လံရောင်းချနေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

စစ်အာဏာသိမ်းပြီးနောက် ပြည်သူတွေအနေနဲ့ စစ်အုပ်စုဆီ ဝင်ငွေ မစီးဆင်းစေဖို့အတွက် အောင်ဘာလေထီကို မဝယ်ယူကြခြင်းနဲ့ သပိတ်မှောက်ခဲ့ကြလို့ ထီရောင်းအားပါ ကျဆင်းသွားခဲ့ပြီး အမြင့်ဆုံး ကျပ်သိန်း တစ်သောင်းခွဲဆုကိုပါ ဖယ်ရှားခဲ့ရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်