ဒေါ်ကြည်ပြာအမှုကိစ္စအတွက် NUG ပါ ထိခိုက်လာ

Author CJ Platform
Categories
Published on Feb 20, 2026

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို ဝန်ထမ်းဟောင်း ၁၂ ဦးက တိုင်ကြားခဲ့မှုအပေါ် အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့တဲ့ NUG အစိုးရအဖွဲ့ကို သပိတ်မှောက်ဖို့နဲ့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပါ နုတ်ထွက်ဖို့ တက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေကပါ တောင်းဆိုမှုတွေ ရှိလာပါတယ်။

 

အဂတိလိုက်စားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဝန်ထမ်းတွေအပေါ် မလျော်ဩဇာသုံးမှုတွေနဲ့ တိုင်ကြားခံခဲ့ရတဲ့ ဒေါ်ကြည်ပြာနဲ့ တိုင်ကြားသူ ၁၂ ဦးကို NUG စုံစမ်းစစ်ဆေးရေးအဖွဲ့က သုံးလနီးပါးကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဒေါ်ကြည်ပြာအနေနဲ့ အပြစ်မရှိကြောင်းနဲ့ ဝန်ထမ်းအပေါ် ချိုချိုသာသာ ဆက်ဆံဖို့ကိုသာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လက်မှတ်ရေးထိုး အကြောင်းကြားစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

 

ဒီဆုံးဖြတ်ချက်အပေါ် ပုဂ္ဂိုလ်ရေးရင်းနှီးမှုကြောင့် ဘက်လိုက်ဆုံးဖြတ်တာမျိုးကို ဘယ်သူမှ လက်မခံသလို ဒေါ်ကြည်ပြာအပေါ် ထိရောက်စွာ အရေးယူရမှာဖြစ်ပြီး ဝန်ကြီးချုပ်အနေနဲ့ နုတ်ထွက်ဖို့ လိုအပ်တယ်လို့ နွေဦးတော်လှန်ရေးအတွင်း ထင်ရှားသူလဲဖြစ်သူ သတင်းမီဒီယာသမားတစ်ဦးဖြစ်တဲ့ ဦးခင်မောင်စိုးက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

 

“ကျွန်တော်တို့ မြန်မာပြည်သူတစ်ရပ်လုံးက အကျင့်ပျက် ဘက်လိုက်မှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ Conflict of Interest အကျိုးစီးပွားရှုပ်ထွေးမှုတွေကို မကြိုက်လို့ ရှိသမျှငွေကြေးနဲ့ အသက်တွေပေးပြီး ဒီနေ့ တော်လှန်ရေးမှာ နိုင်သမျှ ပါဝင်နေကြတာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ကို မပြင်နိုင်ဘူးဆိုရင် တော်လှန်ရေး အကျိုးစီးပွားကို ငဲ့ကွက်တဲ့အနေနဲ့ ဒီကိစ္စမှာ အဓိက တာဝန်ရှိတဲ့ ဝန်ကြီးချုပ် တာဝန်ယူမှုရှိစွာ နုတ်ထွက်ပါ” လို့ ဦးခင်မောင်စိုးက ရေးသားထားပါတယ်။

 

ဒေါ်ကြည်ပြာဖြစ်စဉ်အပေါ် NUG အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ဝန်ထမ်းအချို့နဲ့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့၊ လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း၊ တောင်ကြီးမြို့နယ် ပညာရေးဘုတ်အဖွဲ့၊ CDM Medical Network စတဲ့ အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာပါ တွေ့ရှိချက်တွေကို ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေ သိရှိနိုင်ဖို့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကာ ဖြေရှင်းပေးမှု မရှိမခြင်း NUG နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်နားထားမယ်လို့ ထုတ်ပြန်လာကြပါတယ်။

 

ဒါ့အပြင် ဝန်ကြီးချုပ်ရုံး လုပ်ငန်းစဉ်အတွင်း ဒေါ်ကြည်ပြာရဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းနဲ့ တူတော်စပ်သူ ၂ ဦးကို အလုပ်ခန့်ထားမှုဟာ လုပ်ငန်းခွင် အကျိုးစီးပွားပဋိပက္ခကို ဖြစ်ပေါ်စေနိုင်ပြီး ဒီလိုရာထူးခန့်အပ်မှုတွေကို ဝန်ကြီးချုပ်ကပါ သဘောတူခန့်အပ်ခဲ့တယ်ဆိုပါက ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းလည်း ရာထူးကနေ နုတ်ထွက်သင့်တယ်လို့ NUG အစိုးရအဖွဲ့နဲ့ နီးစပ်သူ စာရေးဆရာ ကဗျာဆရာ ကိုဝေမှူးသွင်ကလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

 

NUG လက်အောက်ခံ တော်လှန်ရေးအဖွဲ့တွေအတွက် ရန်ပုံငွေရှာဖွေကာ ငွေကြေးထောက်ပံ့ကူညီပေးနေတဲ့ ပန်းဆိုင် (Pann Sine)၊ ဒို့ခေတ် (Dokhit) တို့ အပါအဝင် အခြားအဖွဲ့အစည်းတွေကလည်း NUG အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

 

ဒေါ်ကြည်ပြာအမှုကိစ္စအပေါ် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး CDM ဝန်ထမ်းတွေ၊ ထောက်ပို့ကူညီရေးအဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ကန့်ကွက်ရှုတ်ချမှုတွေနဲ့ ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်သွားမယ်လို့ CJ Platform ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုထားပါတယ်။