သထုံမြို့နယ်မှာ ကျောင်းနေအရွယ်ကလေးတွေ ပြည်ပထွက်အလုပ်လုပ်ကြလို့ ကျောင်းထွက်နှုန်းများလာ
မွန်ပြည်၊ သထုံမြို့နယ်က ကျေးရွာတချို့မှာ ဆယ်ကျော်သက် အရွယ် ကျောင်းနေကလေးငယ်တွေ ပြည်ပထွက် အလုပ်လုပ်ကြတာကြောင့် ကျောင်းထွက်နှုန်း များလာတယ်လို့ ဒေသခံဆရာ၊ ဆရာမတွေဆီက သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းမှုတွေ ပိုဆိုးရွားလာတဲ့အတွက် ကျောင်းနေအရွယ်ကလေးတွေထဲက အသက် ၁၃ နှစ်နဲ့အထက် ကျောင်းသူကျောင်းသားတွေ ကျောင်းထွက်နှုန်း ပိုများလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ကျောင်းထွက်သွားကြတဲ့ ကလေးတွေအများစုဟာ အိမ်နီးချင်းထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြတာတွေရှိသလို မိဘက စီးပွားရေးအဆင်မပြေတဲ့အတွက် မိဘတွေရဲ့ လုပ်ငန်းခွင်တွေထိပါ လိုက်သွားရတာမျိုးရှိတယ်လို့ သထုံမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ရွာမှ ဆရာမတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အတန်းကြီးတွေထွက်ကြတာများတယ်။ အတန်းစုံတော့ထွက်တာပဲ။ အတန်းငယ်တွေလည်း ၂ တန်းလောက်မှာ ထွက်တာလည်းရှိတယ်။ ဘန်ကောက်တက်တာတို့၊ ကလေးမိဘတွေက အဆင်မပြေကြတော့ ကော်စေးသွားခြစ်တာတို့ (ရော်ဘာထုတ်လုပ်ငန်းများ) အုတ်ဖိုသွားလုပ်တာတို့ဆို လိုက်သွားကြရတာ။ အဓိကကတော့ စီးပွားကျပ်တည်းတော့ မိဘတွေလည်း ထားမနေကြတော့ဘူး။ ပြီးခဲ့တဲ့နှစ်နောက်ပိုင်း ပြန်နေတာက နှစ်စမှာများပြီး နှစ်ကုန်ခါနီးတော့ ၃ ပုံ ၁ ပုံလောက်ပဲ ကျန်မယ်” လို့ သူကပြောပါတယ်။
သထုံမြို့နယ်က မြို့ပေါ်ရပ်ကွက်နဲ့ နီးတဲ့ ကျေးရွာတစ်ရွာက ကျောင်းမှာဆိုရင်လည်း ကျောင်းထွက်သွားကြတဲ့ ကလေးဦးရေဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ထိ အိမ်ခြေ ၁၀၀ မှာ ၄၁ ယောက် ကျောင်းထွက်နှုန်းရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျောင်းထွက်နှုန်းပိုများလာပေမယ့် အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“ကျောင်းထွက်တာက များတယ်ပေါ့။ ဒီနောက်ပိုင်းထွက်ကြတာပိုများတယ်။ အခုက တွက်မရသေးဘူး။ လွန်ခဲ့တဲ့ ငါးနှစ်ထိပဲ တွက်လို့ ရသေးတာ။ အနိမ့်ဆုံး အသက်ကတော့ ၁၄ နှစ်လောက်များတယ်။ ဘန်ကောက်တက်ကြတော့ ကလေးပါခေါ်သွားကြတာလေ။ စီးပွားရေးကြောင့်ပေါ့” လို့ သူကပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံပညာသင်ယူခွင့် ဆုံးရှုံးသူ ၇ သန်းရှိပြီး ကျောင်းနေအရွယ်ကလေးအားလုံးရဲ့ ၅၃ ရာခိုင်နှုန်း ပညာသင်ယူခွင့် ဆုံးရှုံးနေတယ်လို့ ISP – Myanmar ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ သိရပါတယ်။
ကျောင်းနေအရွယ်ကလေးတွေအနေနဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်ကြရတဲ့အပေါ် စိတ်မကောင်းဖြစ်ရပြီး သူတို့ဝါသနာပါရာနဲ့ တိုးတက်ရာပညာရေးလမ်းကြောင်းတွေကို ဆက်လုပ်ဖို့ မျှော်လင့်တယ်လို့ သထုံမြို့မှ ဒေသခံတွေနဲ့ ဆရာ၊ ဆရာမတွေက ဆိုကြပါတယ်။
“ဖြစ်နိုင်မယ်ဆိုရင်တော့ ကျောင်းပြီးအောင် တက်စေချင်တာပေါ့။ ဒါပေမယ့် တစ်ခုရှိတာက လက်ရှိနိုင်ငံအနေအထား အစ်ကိုတို့ ပညာရေးစနစ်မှာ လည်ပတ်နေကြတဲ့သူတွေရဲ့ အနေအထားက ဒီလိုကလေးတွေအတွက် ပိုပြီးကောင်းနိုင်ပါ့မလားဆိုတဲ့ အတွေးကတော့ ဖြစ်တာပေါ့။ ဖြစ်စေချင်တာကတော့ မသက်သာလို့ ဟိုဘက်နိုင်ငံကို လိုက်သွားခဲ့ရရင်လည်း အဲဒီနိုင်ငံရဲ့ ပညာရေးတစ်ခုအောက်မှာတော့ ဆက်ရှိနေစေချင်တယ်။ ဒါပေမယ့် ဒါကလည်း အခက်အခဲတစ်ခုအနေနဲ့ သေချာပေါက်ရှိနေမှာပါပဲ” လို့ ကျောင်းထွက်ခဲ့ရတဲ့ ကလေးငယ်တွေနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူ ၉ဒသမ၇ သန်းကျော် ရှိခဲ့ရာက ၂၀၂၅-၂၀၂၆ ခုနှစ်မှာ ၆ဒသမ၁ သန်းပဲ ရှိခဲ့တယ်လို့ သိရပါတယ်။
အဆင့်မြင့်ပညာ တက်လှမ်းသင်ယူခွင့်ရှိမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူနှုန်းကလည်း ၂၀၂၀ ပြည့်နှစ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၉ သိန်းကျော် ရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာတော့ ၂ သိန်းဝန်းကျင်ပဲ ရှိတော့တယ်လို့ ISP – Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စီးပွားရေးမပြေလည်တာ၊ ဝင်ငွေထွက်ငွေမမျှတတာတွေနဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ နေရာတွေမှာတော့ ပညာသင်ယူခွင့် ဆုံးရှုံးတာတွေ ပိုများနေပြီး စာသင်ကျောင်းအများစုကို ပိတ်ထားရကာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်က ကင်းလွတ်အောင် တချို့စာသင်ကျောင်းတွေကို ဗုံးခိုကျင်းတွေနဲ့ တွဲထားရတာတွေလည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ ပညာသင်ကြားခွင့် ဆုံးရှုံးရတဲ့ အဓိကအကြောင်းရင်းက ဆင်းရဲမွဲတေမှုကြောင့်ဖြစ်တယ်လို့ အာဏာသိမ်းပြီး နှစ်နှစ်အကြာ ၂၀၂၃ ခုနှစ်က နေပြည်တော်က အခမ်းအနားတစ်ခုမှာ ထုတ်ပြောထားပါတယ်။
ဓာတ်ပုံ – Pro-SAC
ပုံစာ – စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ အခြေခံပညာစာသင်ကျောင်းတစ်ခုကို သွားရောက် စစ်ဆေးနေပုံ
