မြန်မာစစ်တပ်ထံပို့မယ့် ဒရုန်းတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲ ဖမ်းဆီး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်အနီးမှာ ဒရုန်းတွေ ပျံသန်းနေတယ်ဆိုတဲ့ သတင်းကြောင့် လုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှာဖွေရာကနေ မြန်မာနိုင်ငံသား ၄ ဦးကို ဒရုန်း ၁၀ စင်းနဲ့အတူ ဖမ်းဆီးရမိလိုက်ပါတယ်။ ဒီဒရုန်းတွေကို မြန်မာစစ်တပ်ဆီ ပို့ဆောင်ဖို့ စီစဉ်ထားတာလို့ ဖမ်းဆီးခံရသူတွေက ဝန်ခံထားပါတယ်။
လေဆိပ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမည်မသိ ဒရုန်းတွေ ပျံဝဲနေတာကို တွေ့ရှိခဲ့ရပြီးနောက် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) က အရေးပေါ် အစီအမံတွေ ချမှတ်ပြီး ရှာဖွေရာမှာ လေဆိပ်နဲ့ ၃ ကီလိုမီတာခန့် ဝေးတဲ့ Lat Krabang (လတ်ကရာဘန်း) ရပ်ကွက်က Grand BS Airport Hotel မှာ တည်းခိုနေတဲ့ မြန်မာ ၄ ဦးကို ခြေရာခံမိခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ David ဆိုတဲ့ နာမည်နဲ့ Online Booking တင်ပြီး တနင်္ဂနွေနေ့ကတည်းက ရောက်နေကြတာပါ။
ဟိုတယ်အခန်းအတွင်း ဝင်ရောက်ရှာဖွေရာမှာတော့ တရုတ်လုပ် DJI အမျိုးအစား ဒရုန်း ၁၀ စင်းကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာနိုင်ငံသားတွေဖြစ်တဲ့ ကိုဇေထက်အောင် (၃၂)နှစ်၊ ကိုစနေလင်းထက် (၂၄)နှစ်၊ ကိုကျော်ဇင်ဟိန်း (၂၁)နှစ် နဲ့ ကိုသိန်းဇော် (၃၄)တို့ကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံက “Kevin Zo (ကယ်ဗင်ဇို)” ဆိုသူက ငှားရမ်းထားတာဖြစ်ပြီး၊ ဒီဒရုန်းတွေကို မြန်မာစစ်တပ် ဆီ ပြန်လည်ရောင်းချဖို့ သယ်ဆောင်ရမှာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။
လက်ရှိမှာတော့ ထိုင်းတာဝန်ရှိသူတွေက သူတို့ ၄ ဦးစလုံးရဲ့ ဗီဇာတွေကို ဖျက်သိမ်းလိုက်ပြီး၊ ထိုင်းလူဝင်မှုကြီးကြပ်ရေး က ထိန်းသိမ်းထားပါတယ်။ လေဆိပ်လုံခြုံရေးကို ခြိမ်းခြောက်မှုနဲ့ရော၊ စစ်လက်နက်ပစ္စည်း မှောင်ခိုသယ်ဆောင်ရန် ကြိုးပမ်းမှုနဲ့ပါ ဆက်လက် စစ်ဆေးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Matichon
