စစ်အုပ်စုရဲ့ ဖြတ်လေးဖြတ်ကြောင့် စစ်တွေမှာ နေအိမ်တွေကိုပါ ဖြိုဖျက်ပြီး ထင်းအဖြစ် သုံးစွဲနေရ

Author CJ Platform
Categories
Published on Oct 16, 2025

ရခိုင်ပြည်၊ စစ်တွေမြို့ကို စစ်အုပ်စုက ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် ဒေသခံပြည်သူတွေ ဆေးဝါး၊ စားဝတ်နေရေး ပြတ်လပ်မှုတွေအပြင် အထွေထွေအကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်တွေမြို့ ဒေသခံတစ်ဦးထံက သိရပါတယ်။

 

စစ်တွေမြို့နဲ့ အခြားမြို့တွေကို ဆက်သွယ်ထားတဲ့ တံတားတွေကို စစ်အုပ်စုက ဖောက်ခွဲဖျက်ဆီးထားပြီး မြို့ကို ပိတ်ဆို့ထားတာကြောင့် ဒေသတွင်း ကုန်စည်ဝင်ရောက်မှုတွေ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လေကြောင်း Cargo ကနေတစ်ဆင့် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကိုသာ အများဆုံး ဝယ်ယူအသုံးပြုနေရတာကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်လာနေပြီး ကုန်စည်ရှားပါးမှုကိုပါ ရင်ဆိုင်နေရတာလို့ သိရပါတယ်။

 

“အသားငါးတွေဆိုရင် ဟိုးအရင်က နယ်ပေါင်းစုံကလာတယ်။ အခုက ရန်ကုန်ကနေ Cargo လေယာဉ်နဲ့ လာတဲ့ အသားငါးတွေနဲ့ တခြားစားသောက်ကုန်တွေကို ဈေးကြီးပေးပြီး ဝယ်စားနေရတယ်” လို့ စစ်တွေဒေသခံက CJ Platform ကို ပြောပါတယ်။

 

စစ်ကော်မရှင်လက်အောက်ခံအဖွဲ့တွေနဲ့ အဆင်ပြေတဲ့ စစ်တွေမြို့ လုပ်ငန်းရှင်အချို့က ကုန်ခြောက်နဲ့ အခြားကုန်ပစ္စည်းတွေကို ကုန်သင်္ဘောနဲ့ သယ်ယူမှုတွေ ရှိပေမယ့် ရာသီဥတုဆိုးရွားချိန်မှာ သင်္ဘောမဝင်ရောက်နိုင်တာမျိုးတွေလည်း ရှိတတ်တာကြောင့် စားသောက်ကုန်ဈေးနှုန်း နှစ်ဆနီးပါးအထိ မြင့်တက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

 

စစ်အုပ်စုဟာ ဒေသခံပြည်သူတွေကို ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ ငါးဖမ်းလုပ်ကိုင်ခွင့် ပိတ်ပင်ထားတာကြောင့် နေ့စဉ်ဝင်ငွေရရှိဖို့ စီးပွားရေးမလုပ်ကိုင်နိုင်ဘဲ ဖြစ်နေတယ်လို့လည်း စစ်တွေဒေသခံက ဆက်ပြောပါတယ်။

 

ဒါ့အပြင် စစ်အုပ်စုက ရခိုင်ပြည်အတွင်း ဆေးဝါး၊ ဆိုလာပြား၊ ဘက်ထရီ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ကလေးသုံး ဒိုင်ယာပါ စတဲ့ ကုန်ပစ္စည်းတွေကိုလည်း သယ်ယူခွင့်ပိတ်ပင်ထားသလို လျှပ်စစ်မီး ကာလရှည်ဖြတ်တောက်ထားတာကြောင့် ထမင်းဟင်းချက်ပြုတ်ဖို့အတွက် ထင်းသုံးစွဲနေရပြီး ဈေးကြီးပေးဝယ်နေရတယ်လို့ သိရပါတယ်။

 

“အခုလက်ရှိပေါက်ဈေးကလည်း တစ်ပေလောက်ရှိပြီး တစ်လက်မပတ်ချာလည်သာသာလောက်ရှိတဲ့ ထင်းချောင်း ၄ ချောင်းပါ တစ်စည်းကို ၁,၃၀၀ ကျပ်နဲ့ ၁,၅၀၀ ကျပ်ဝန်းကျင်မှာ ရှိတယ်။ ထင်းတွေက အဲဒီလို ဈေးတွေရတော့ လူမနေတဲ့အိမ်တွေကို ဖျက်ယူကြတာ” လို့ စစ်တွေဒေသခံက ပြောပါတယ်။

 

ထမင်းဟင်းချက်ပြုတ်ရာမှာ ထင်းကို ကာလရှည်အသုံးပြုလာရတာကြောင့် ထင်း၊ သစ်သား ရှားပါးမှုတွေ ဖြစ်ပေါ်လာပြီး မိမိနေအိမ်အတွင်း အသုံးမပြုတော့တဲ့ အဆောက်အအုံအချို့ကို ဖြိုချကာ ထင်းအဖြစ် ပြန်လည်အသုံးပြုနေရတယ်လို့ သိရပါတယ်။

 

ရခိုင်ပြည်နယ်၊ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ကလွဲပြီး ကျန်မြို့အားလုံးကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားချိန် စစ်အုပ်စုက သူတို့ ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ အခြားမြို့တွေကို ဆက်သွယ်ရေးသွားလာမှု ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် ခရီးသွားလာရေး ခက်ခဲနေပြီး လေကြောင်းခရီးကိုသာ အဓိကအသုံးပြုနေရတာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news