ပုလဲတွင် ၃ရက်အတွင်း ဖက်ဆစ်စစ်တပ် လက်ချက်ဖြင့် ဒေသခံ ၁၆ဦးဆုံးပါး

Author ခေတ်နီ
Categories
Published on Oct 29, 2022

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အောက်တိုဘာလ ၂၅ရက်မှ ၂၇ရက်နေ့အထိ စစ်ကောင်စီလက်ချက် ကြောင့် လူ၁၆ဦးသေဆုံးခဲ့ကာ နေအိမ်၁၀လုံးမီးရှို့ခံခဲ့ရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာလ ၂၅ရက်မှ ၂၇ရက်နေ့ထိ ပုလဲမြို့နယ်အတွင်းကို မြန်မာဖက်ဆစ်စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်ကာ CDMရဲတပ်သား ၂ဦးနှင့် ၈တန်းကျောင်းသားတစ်ဦး အပါအဝင် လူ ၁၆ဦးကို သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံအရင်းမြစ်က ပြောသည်။

ထို့အပြင် ထို ၃ ရက်တာကာလအတွင်းမှာပဲ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား ဖလံပင်ရွာနှင့် သဲပြင်ကျယ် ရွာများအနီးတွင် တိုက်ပွဲ၂ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပစ်ခတ်မှု ၃ ကြိမ်အထိ ပြုလုပ်ခဲ့တာပဲ ဖြစ်သည်။

“၃ရက်အတွင်း လူ၁၆ဦးအသတ်ခံရတယ် ရွာတွေမီးရှို့သွားတာလဲရှိတယ်ပေါ့ အသတ်ခံရတဲ့ထဲမှာ ပြည် သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေလဲပါတယ်ပေါ့လေ ဘယ်အဖွဲ့ကလဲဆိုတာကိုတော့ အတည်ပြုမရသေးဘူး”ဟု ဒေသသတင်းရင်းမြစ်က CJ Platform ကိုပြောသည်။

မြန်မာဖက်ဆစ်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဖလံပင်ရွာမှနေအိမ်၆လုံးနှင့် သဲပင်ကျယ်ကျေးရွာမှ နေအိမ်၄လုံးတို့ မီးလောင်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

ပုလဲမြို့နယ်အတွင်း ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ ဖျက်ဆီးမှုများပြုလုပ်နေသည့် မြန်မာဖက်ဆစ်စစ်တပ်အဖွဲ့များသည် တပ်မ ၇၇လက်အောက်ခံတပ်ဖွဲ့များ ဖြစ်ကြောင်း ပြောဆိုမှုများရှိနေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။