ကရင်နီပြည်ထဲ စစ်ကောင်စီကြောင့် ၆လကျော်အတွင်း ပြည်သူ ၆၀ကျော်သေဆုံး

Author CJ Platform
Categories
Published on Jul 09, 2025

ကရင်နီပြည်ထဲမှာ စစ်ကောင်စီအကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း ဒေသခံပြည်သူ ၆၂ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဒီနေ့ ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

၂၀၂၅ ဇန်နဝါရီကနေ ဇူလိုင် ၇ ရက်နေ့အထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းနဲ့ တိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့ကြရတာလည်း ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေး ၈ ဦး၊ အမျိုးသား ၃၃ ဦးနဲ့ အမျိုးသမီး ၁၂ ဦး၊ အတည်မပြုနိုင်သေးသူ ၉ ဦး ပါဝင်ပါတယ်။

 

အခု ဇူလိုင် ၇ ရက်ကလည်း ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်အစပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လေးနှစ်အရွယ်ကလေး တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနဲ့ ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း စစ်ကောင်စီအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ကရင်နီဒေသအတွင်း အရပ်သားပြည်သူ သေဆုံးမှု ၁၀၆ ဦးထက်မနည်းရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄၅၀ ကျော်ရှိခဲ့တယ်လို့လည်း IEC က အခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

 

စစ်ကောင်စီက ကရင်နီပြည်ထဲက စစ်ဘေးရှောင်စခန်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲမှု မကြာခဏ လုပ်ဆောင်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသလို ဒေသတွင်း ကုန်စည်စီးဆင်းမှုတွေကိုလည်း ဖြတ်တောက်ပိတ်ဆို့မှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Ko July’s Facebook

 

ပုံစာ – ဖယ်ခုံမြို့နယ်အနောက်ခြမ်း စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဇူလိုင် ၇ ရက်နေ့ ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်