မြေရှားသတ္တုဝယ်ယူမှု ဖြတ်တောက်မယ်လို့ တရုတ်က KIA ကိုခြိမ်းခြောက်

Author CJ Platform
Categories
Published on Jul 08, 2025

ဗန်းမော်မြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ထိုးစစ်ကို ရပ်တန့်စေဖို့ တရုတ်နိုင်ငံက KIA ကို ဖိအားပေးပြီး မြေရှားသတ္တုဝယ်ယူမှု ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်နေကြောင်း နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။

 

ဗန်းမော်မြို့ဟာ တရုတ်-မြန်မာ နယ်စပ်အနီးမှာရှိတဲ့ မဟာဗျူဟာရေးရာ မြို့တစ်မြို့ဖြစ်ပြီး လျှပ်စစ်ကားတွေနဲ့ လေအားလျှပ်စစ်တာဘိုင်တွေမှာ အသုံးပြုတဲ့ ကမ္ဘာ့အဖိုးတန် မြေရှားသတ္တု ထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးဟာ ကချင်ပြည်နယ်က ဖြစ်ပါတယ်။ အဲဒီသတ္တုတူးဖော်ရေး ဒေသအများစုကိုတော့ KIA က ထိန်းချုပ်ထားပါတယ်။

 

ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ပေကျင်းအစိုးရက KIA က ဗန်းမော်ကို ဆက်လက် သိမ်းပိုက်ဖို့ ကြိုးစားရင် KIA ထိန်းချုပ်နယ်မြေက မြေရှားသတ္တုတွေ ဝယ်ယူမယ့်အရေးကို ရပ်တန့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

 

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ပါဝင်တဲ့  KIA ကတော့ တရုတ်နိုင်ငံက မြေရှားသတ္တုတွေကို မှီခိုနေရတာကြောင့် တကယ်တမ်း အပြည့်အဝတားဆီးနိုင်မယ်လို့ မယုံကြည်ကြောင်းနဲ့ ထိုးစစ်ကို ဆက်လက် ဖိအားပေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

လက်ရှိပဋိပက္ခတွေကြောင့် မြေရှားသတ္တုတင်ပို့မှုက သိသိသာသာ ကျဆင်းနေတာကြောင့် ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုဈေးနှုန်းတွေမှာလည်း မြင့်တက်လာနိုင်နေပါတယ်။

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း စစ်ပွဲတွေ ဖြစ်ပွားလာရာမှာ စစ်ကောင်စီက ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် တရုတ်ရဲ့ စစ်ရေးအကူအညီမျိုးစုံကို အားကိုးနေရပါတယ်။

 

တော်လှန်ရေးတပ်ဖွဲ့တွေကတော့ မဟာဗျူဟာရေးရာ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

 

Source – Reuters / The Business Standard

 

ဓာတ်ပုံ – Global Witness

 

ပုံစာ – မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို မြင်ရပုံ (ပုံဟောင်း)

 

 

 

Related News

Depend on news