ကယ်ထုတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူနဲ့ ကယ်ထုတ်ခဲ့သူတွေ အားလုံး ပြန်လည်ဖမ်းဆီးခံရ

Author CJ Platform
Categories
Published on Jul 02, 2025

ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမှာ ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက ကယ်ထုတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူနဲ့ ကယ်ထုတ်ခဲ့သူတွေ အားလုံးကို ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီ ဝါဒဖြန်မီဒီယာတွေကနေ တဆင့် သိရပါတယ်။

 

သန်လျင်မြို့နယ် ဘောသပြေကန်ကျေးရွာအနီးမှာ သူတို့စီးနင်းလာတဲ့ ကားနဲ့အတူ လက်နက်တွေပါ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းမှာ ပုဒ်မ ၅၀(ည) နဲ့ ဖမ်းဆီးခံထားသူ မဇွန်ပွင့်လှိုင်ကို အရေးပေါ် ဆေးခန်းပြဖို့ ဆေးရုံကို ပို့ဆောင်ချိန် မင်းကြီးမဟာမင်းခေါင်းလမ်းထိပ်အရောက်မှာ အသင့်စောင့်နေသူ ၂ဦးက သေနတ်နဲ့ဝင်ရောက် ပစ်ခတ်ပြီး ကယ်တင်သွားခဲ့တာပဲ​ ဖြစ်ပါတယ်။

 

ဝင်ရောက်ကယ်တင်စဉ်မှာ ပစ်ခတ်မှုကြောင့် ဒုရဲအုပ် တင်မောင်ထွေး သေဆုံးသွားခဲ့ရပြီး ဇနီးဖြစ်သူ ဒုရဲအုပ် ဆွေဇင်မျိုးကတော့ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လှိုင်သာယာမြို့နယ်အတွင်း လမ်းပိတ် စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး အခြားမြို့နယ်တွေကိုပါ ချိတ်ဆက်စစ်ဆေးခဲ့တာကြောင့် သန်လျင်မြို့နယ်အတွင်း ပြန်လည်ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – pro-SAC