ပဲခူးမြစ်ရေတက်နေချိန် စစ်ကောင်စီက ပြည်သူကိုမကူညီဘဲ ကွမ်းတံတွေးထွေးရင် ၁၀ သိန်း ဒဏ်ရိုက်မယ်ဆိုတဲ့ စာတွေလိုက်ဝေ

ပဲခူးမြို့မှာ ပဲခူးမြစ်ရေ မြင့်တက်နေချိန်မှာ ပြည်သူတွေကို မကူညီဘဲ စစ်ကောင်စီက ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းမှာ မော်တော်ယာဉ်ပေါ်ကနေ အမှိုက်ပစ်၊ ကွမ်းတံတွေးထွေးပါက ဒဏ်ငွေ ရိုက်အရေးယူမယ်ဆိုတဲ့ လက်ကမ်းစာစောင်တွေကို လိုက်ဝေနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ခရီးသွားပြည်သူတွေအနေနဲ့ စီနင်းလိုက်ပါလာတဲ့ ယာဉ်ပေါ်ကနေ အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ မပြုလုပ်ကြဖို့နဲ့ တွေ့ရှိပါက ဒဏ်ကြေးငွေ ၁၀ သိန်းကျပ် ဒဏ်ရိုက်ခံရမှာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
“အုပ်စုလိုက်ကြီး လက်ကမ်းစာစောင်တွေ ကမ်းနေတာ၊ အမှတ် (၃) ကျောင်းရှေ့မှာ၊ လမ်းသာလမ်းလာတွေအကုန် ဝေနေတော့ လမ်းတွေပါ ကျပ်ကုန်တယ်” လို့ ပဲခူးမြို့ခံ တစ်ဦးက ပြောပါတယ်။
အဲဒီလို ဖမ်းဆီးခံရပါက ဒဏ်ကြေးငွေ ပေးရမယ့်အပြင် သက်ဆိုင်ရာ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ ယာဉ်လိုင်း၊ ယာဉ်ဂိတ်တွေကိုပါ ပိတ်သိမ်းမှာဖြစ်တယ်လို့ သိရပါတယ်။
အခု ထုတ်ပြန်ချက်ကို စစ်ကောင်စီရဲ့ ပဲခူးတိုင်းအစိုးရ ညွှန်ကြားချက်ကြောင့် ပဲခူးမြို့ သန့်ရှင်းသာယာ လှပရေးနဲ့ ခေတ်မီ စံပြမြို့တော် ဖြစ်ဖို့ စီစဉ်ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းအတွင်းမှာတော့ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတွေက အရေးပေါ် မြစ်ရေကြီးမှု ဖြစ်လာပါက ကူညီဆောင်ရွက်နိုင်ဖို့ ဇတ်တိုက်လေ့ကျင့်မှုတွေ ဆောင်ရွက်နေကြပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်