ဖားကန့်မှာ မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦး သေဆုံး

Author CJ Platform
Categories
Published on Jun 21, 2025

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဇွန်လ ၂၀ရက်နေ့က ညပိုင်းက မြေစာပုံပြိုကျတာကြောင့် မှော်ရှန်ကုန်းကျေးရွာက ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦးဟာ ယမန်နေ့ည ၆ နာရီအချိန်ကတည်းက ကျောက်ရှာဖို့ ထွက်သွားတာဖြစ်ပြီး ပြန်မလာတာကြောင့် နောက်တစ်နေ့ လိုက်ရှာကနေ မြေစာပုံပြိုကျထားတဲ့ နေရာမှာ ယူဆောင်သွားတဲ့ မျောဖတ်ကို တွေ့ရှိတာကြောင့် မြေစာပုံပိ သေဆုံးခဲ့တာကို အတည်ပြုနိုင်တယ်လို့ ပြောပါတယ်။

 

“ဆုထူးပန် ကုမ္ပဏီက စွန့်ပစ် မြေစာပုံဟောင်းကြီးပေါ့နော်။ သေဆုံးသူတွေကိုလည်း ထုတ်လို့မရဘူး။ မြေစာပုံဟောင်းဖြစ်တော့ တူးလိုက်တာနဲ့ အထောက်အခံမရှိတော့ အက်ကြောင်းတစ်ခု ဖြစ်တာနဲ့ သူက ပြိုမှာ” လို့ ဖားကန့် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပြိုကျခဲ့တဲ့ မြေစာပုံဟောင်းက မိုးကာရွာအတက်လမ်းမှာရှိတဲ့ မြေစာပုံဟောင်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

သေဆုံးသူတွေကို ပြန်ဖော်ထုတ်ဖို့ ပရဟိတအဖွဲ့တွေက ကြိုးစားကြပေမယ့် လူအင်အားနဲ့ တူးဖော်ပါက မြေစာပုံ ထပ်မံပြိုကျဖို့ အန္တရာယ်ရှိတာကြောင့် တူးဖော်လို့ မရသေးဘူးလို့ သိရပါတယ်။

 

သေဆုံးသူ နှစ်ဦးကို တူးဖော်နိုင်ဖို့ စက်ယန္တယားတွေကို အသုံးပြုလို့ ရပေမဲ့ စစ်ကောင်စီ ရန်ကြောင့် ဖားကန့်မှာရှိတဲ့ စက်ယန္တယားတွေ မထွက်ရဲတာကြောင့် အကူအညီ တောင်းလို့ မရဘူးလို့လည်း စုံစမ်းသိရှိရပါတယ်။

 

စစ်ကောင်စီက ဖားကန့်မြို့နယ်အတွင်း ဝင်ရောက်လာပြီးနောက် ဖားကန့်မှာရှိတဲ့ ကျောက်လုပ်ကွက်တွေက စက်ယန္တယားတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် စက်ယန္တယားတွေအားလုံး သိမ်းဆည်းကာ လုပ်ငန်းရပ်ထားလိုက်ကြတယ်လို့ သိရပါတယ်။

 

“ဖားကန့်ဒေသတစ်ခွင်လုံးက လုပ်ကွက်တွေ တော်တော်များများကတော့ ဘက်ဖိုးသံ၊ စက်သံတွေ မကြားရတော့ဘူး။ လုပ်ကွက်တွေထဲမှာလည်း လေဟာပြင်ဖြစ်သွားတော့ ရေမဆေးတွေ ဝင်တူးကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

သေဆုံးသူတွေကို တူးဖော်ဖို့ စက်ယန္တယားကူညီပေးပါက မည်သည့်လုပ်ငန်းရှင်က ကူညီတယ်ဆိုတာကို စစ်ကောင်စီ သိရှိမှာကြောင့် စက်ယန္တယားကူညီသူ မရှိဘဲ အလောင်း မဖော်နိုင်သေးဘူးလို့ သိရပါတယ်။

 

ဓာတ်ပုံ – Tarlin Mg

Related News

Depend on news