ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်လတာ အပစ်ရပ်ထပ်တိုး

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ အာရက္ခတပ်တော် ULA/AA တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့က ဇွန်လ ၂ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ အပစ်ရပ်သက်တမ်း ထပ်တိုးလိုက်တယ်လို့ ယမန်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလတွေမှာလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတယ်လို့ ကြေညာခဲ့သလို အခု ဇွန်လမှာလည်း တစ်လနီးပါးအကြာ အပစ်ရပ်တယ်လို့ ထပ်မံ ကြေညာခဲ့တာပဲဖြစ်ပါတယ်။
“ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့် ဆက်စပ်၍ တိုက်တာအဆောက်အအုံများ ရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်တို့အတွက် တစ်ဖက်သက် အပစ်ရပ်ကာလအား နောက်ထပ် (၁) လ သက်တမ်းထပ်တိုးကြောင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဒါ့အပြင် မိုးသည်းထန်စွာ ရွာသွန်းပြီး အဆောက်အအုံတွေ ထပ်မံပြိုကျနေတာကြောင့်လည်း အခုလို အပစ်ရပ်တယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ဖြစ်ပွားနေတဲ့ နေရာတွေမှာ မိမိကိုယ်မိမိ ခုခံကာကွယ်တဲ့ တုံ့ပြန်မှုမျိုးကလွဲပြီး ညီနောင် (၃) ဖွဲ့က စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး ပြုလုပ်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်ထဲရေးသားထားပါတယ်။
စစ်ကောင်စီကလည်း ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ ရက်စွဲနဲ့ အပစ်အခတ်ရပ်စဲမှု သက်တမ်းတစ်လတာ ထပ်တိုးတယ်လို့ ကြေညာခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ အပစ်အခတ် ရပ်စဲတယ်လို့ ကြေညာခဲ့ပြီး နိုင်ငံတဝန်းကို ဧပြီလ ၂၆ ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိ နှစ်လကျော်ကြာ ကာလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်မှု ၂၂၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ BNI–Myanmar Peace Monitor က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – AA