တရုတ်အားကိုးနေတဲ့ စစ်ကောင်စီက မြစ်ဆုံစီမံကိန်း ပြန်စတင်ဖို့ အသံထွက်လာ

တရုတ်အားကိုးနေတဲ့ စစ်ကောင်စီက မြစ်ဆုံစီမံကိန်းသာရှိနေပါက လျှပ်စစ်လိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်နိုင်တဲ့ အနေအထားရှိတယ်လို့ ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ နေပြည်တော် ပြုလုပ်တဲ့အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေးအတွက် လျှပ်စစ်ဓာတ်အားပေးစီမံကိန်းတွေကို ယခင်ကာလတွေကတည်းက ချမှတ်ဆောင်ရွက်ခဲ့ပေမဲ့ လျှပ်စစ်ဓာတ်အားပေးစီမံကိန်းတွေကို အကြောင်း အမျိုးမျိုးကြောင့် အကောင်အထည် ဖော်ဆောင်နိုင်မှုမရှိတာကြောင့် နိုင်ငံမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည်မီမှုမရှိဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဆိုပါတယ်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ၆၀၀၀ ရရှိမှာဖြစ်ပြီး ရှိပြီးသား လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေနဲ့သာ ပေါင်းစပ်လိုက်မယ်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်တဲ့ အနေအထား ရောက်ရှိနိုင်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။
လုံခြုံရေး အခြေအနေအရ စီမံကိန်းတွေ ရပ်တန့်ထားရတာကြောင့် နိုင်ငံအတွင်း စီးဆင်းနေတဲ့ မြစ်ချောင်းတွေပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေကို လုပ်ဆောင်လို့ရနိုင်တဲ့နေရာတွေ လုပ်ဆောင်ဖို့နဲ့ အနိမ့်တမံပြုလုပ်ပြီး ရေအားလျှပ်စစ် ထုတ်ယူနိုင်တယ်လို့လည်း စစ်ကောင်စီအဖွဲ့ဝင်တွေကို စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာမှုတွေနဲ့ နိုင်ငံခြားငွေ သုံးစွဲမှုများပြားနေတာကြောင့် နိုင်ငံခြားငွေ လိုအပ်ချက်တွေရှိနေပြီး လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်(EV)ကား တင်သွင်းမှုတွေမှာ ကန့်သတ်ချက်တွေ ဖြစ်ပေါ်နေရတယ်လို့ စစ်မှုထမ်းဥပဒေပြဌာန်းပြီး နိုင်ငံတဝန်းဗုံးပတ်ကြဲနေတဲ့ စစ်ကောင်စီတပ်ခေါင်းဆောင်က ဆိုပါတယ်။
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာက အနာဂတ်မှာ လိုအပ်ချက်ကြီးမားလာနိုင်လို့ ဆိုလာလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း တွေကို ဆောင်ရွက်ဖို့နဲ့ ဆိုလာစက်ရုံတွေတည်ဆောက်ဖို့ ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ပတ်သတ်ပြီး မူဝါဒတွေချမှတ်ဖို့ကိုလည်း စစ်ခေါင်းဆောင်ညွှန်ကြားခဲ့ပါသေးတယ်။
နှစ်စဉ်ပြည်ပကနေ လောင်စာဆီ တင်သွင်းနေရမှုကို လျှော့ချပြီး လျှပ်စစ်စွမ်းအင်သုံးပို့ဆောင်ရေးစနစ်ကို တတ်နိုင်သ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး မကြာမီကာလအတွင်း ဘက်ထရီစနစ်သုံး မီးရထားစက်ခေါင်းများလည်း ရောက်ရှိတော့မယ်လို့ စစ်ခေါင်းက အသိပေးလိုက်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်တွေအရ ဓာတ်အားလိုအပ်ချက်ရဲ့ ထက်ဝက်ကျော်လောက်ကိုသာ ဖြန့်ဖြူးနိုင်တော့တယ်လို့ သိရှိရပြီး လိုအပ်ချက်ဖြည့်ဆည်းဖို့ LNG ဓာတ်ငွေ့ ဝယ်ယူဖို့ အတွက် ဈေးနှုန်းမြင့်မားနေတာကြောင့် မဝယ်ယူနိုင်ဘူးလို့လည်း သိရပါတယ်။
မြစ်ဆုံစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အဓိကမြစ်တစ်ခုဖြစ်တဲ့ ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ မေခ နဲ့ မလိခတို့ပေါင်းဆုံရာ မြစ်ဆုံနေရာနဲ့ မြစ်လက်တက်များပေါ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်တဲ့ ရေကာတာတွေကို တရုတ်နိုင်ငံက တည်ဆောက်အကောင်အထည်ဖော်မယ့် စီမံကိန်းတွေထဲက တစ်ခုဖြစ်ပါတယ်။
စီမံကိန်းကို အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ၂၀၀၉ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ၂၀၁၁ သမ္မတဦးသိန်းစိန်လက်ထက်မှာ အစိုးရသက်တမ်းကုန်ဆုံးတဲ့အထိ စီမံကိန်းရပ်တန့်ခဲ့ပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ စစ်ကောင်စီက မြစ်ဆုံစီမံကိန်း ပြန်စတင်နိုင်ဖို့အတွက် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအတွက် ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဓာတ်ပုံ – KNG