ရန်ကုန်ကနေ ဧရာဝတီကို နိုင်ငံခြားထုတ်ကုန်တွေ သယ်ဆောင်ရာမှာ အခွန်ဆောင်ထားကြောင်း စာရွက်မပြနိုင်ပါက ဖမ်းဆီးနေ

ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်းအတွင်းကို နိုင်ငံခြားထုတ်ကုန်ပစ္စည်းတွေ သယ်ဆောင်ရာမှာ အခွန်ဆောင်ထားပြီးကြောင်း စာရွက်စာတမ်းတွေကိုပါ စစ်ဆေးနေပြီး အထောက်အထား မပြသနိုင်ပါက ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ကုန်ကားလုပ်ငန်းရှင်တွေနဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းအဝင် ပန်တိုင်ဂိတ်မှာ နိုင်ငံခြားက တင်သွင်းလာတဲ့ ထုတ်ကုန်တွေဖြစ်တဲ့ လျှပ်စစ်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကို စစ်ကောင်စီတပ်က ဖောက်ဖွင့်စစ်ဆေးနေပြီး Custom duty ဆောင်ထားပြီးကြောင်း စာရွက်တွေကိုပါ ပြသခိုင်းနေတာပဲ ဖြစ်ပါတယ်။
“ဒီလ ၁၅ရက်နေ့ထဲက စစစ်နေတာ၊ Custom duty ဆောင်ထားတာ မပြနိုင်ရင် အကုန်ဖမ်းတယ်၊ ကုန်သမားတွေကိုတော့ Custom duty ဆောင်ထားတာ မထည့်ပေးလိုက်တော့ အသိမ်းခံရတယ်၊ ပိုက်ဆံနဲ့လိုက်ရွေးရတယ်”လို့ ဧရာဝတီတိုင်းအတွင်းက ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်နေသူတစ်ဦးက ပြောပါတယ်။
ကုန်တင်ကားတွေကို သယ်ယူလာတဲ့ ပစ္စည်းတွေ တစ်ခုချင်းစီ ကားပေါ်ကနေ ချခိုင်းပြီး ဖွင့်ဖောက်စစ်ဆေးတာတွေ လုပ်ဆောင်ကာ စစ်ကောင်စီတပ်သားတွေက သူတို့လိုချင်တဲ့ ပစ္စည်းတွေကိုလည်း တောင်းယူမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီရဲ့ အခုလို လုပ်ရပ်တွေကြောင့် တန်ဆာခစျေးနှုန်းတွေ ပိုမိုမြင့်တက်လာခဲ့ပြီး ဒေသတွင်းမှာ ကုန်စျေးနှုန်းတွေ ထပ်မံမြင့်တက်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
“ပိုက်ဆံပေးရင်တော့ နည်းနည်းတော်တယ်၊ Custom duty ဆောင်ထားတဲ့ စာရွက်တွေတောင်းတာကတော့ အတော်ကိုဆိုးတာ၊ ကားပြတ်တင်ရင် ပြသနာမဟုတ်ဘူးလေ စုထားတဲ့ အပ်ကုန်တွေကျ အကုန်လုံး စုံအောင် တောင်းထားဖို့ ခက်တာပေါ့၊ အလုပ်လုပ်စားရတာ အတော်ခက်သွားပြီ”လို့ ကုန်ကားပိုင်ရှင်တစ်ဦးကလည်း ဆိုပါတယ်။
စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်းက ကုန်ကားလုပ်ငန်းရှင်တွေကို မြို့နယ်အလိုက် တစ်မြို့နယ်ကို ကုန်ကားနှစ်စီးစီ သူတို့ အသုံးပြုဖို့ တောင်းခံထားပြီး ကားငှါးရမ်းခတွေလဲ မပေးဆောင်ဘူးလို့ သိရပါတယ်။ စစ်ကောင်စီဟာ သူတို့ ချောဆွဲထားတဲ့ ကုန်ကားတွေနဲ့ တပ်အပြောင်းအရွေ့နဲ့ ရိက္ခာသယ်ယူမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
ဧရာဝတီတိုင်းအဝင် ပန်တိုင်စစ်ဆေးရေးဂိတ်မှာ ကုန်မပါတဲ့ ကုန်ကားအလွတ်တွေကိုလည်း ဖမ်းဆီးပြီး သိမ်းဆည်းမှုတွေလည်း လုပ်ဆောင်ခဲ့ဖူးပါတယ်။
ဓာတ်ပုံ – pro-SAC