ငလျင်ကို ခေါင်းစဉ်တပ် ပြန်လည်သင့်မြတ်ကြရအောင်ဆိုလား

စစ်အုပ်စု ရွေးကောက်ပွဲပြုလုပ်မယ်ဆိုတဲ့အသံကြားတိုင်း တတိယအင်အားစုလို့ သူတို့ကိုယ်သူတို့ ကင်ပွန်းတပ်ထားသူတချို့က အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်းဘုတ်ကို ကောက်ထောင်လေ့ရှိတယ်။
စစ်အုပ်စုက ၂၀၀၈အခြေခံဥပဒေကို အဓမ္မ အတည်ပြုခဲ့ပြီးနောက်မှာပဲ အမျိုးသားပြန်လည်သင့် မြတ် ရေးဆို တဲ့ အသံသေးအသံကြောင် တတိယအင်အားစုဝင်တချို့က အော်ဟစ်ခဲ့ကြ တယ်။
သူတို့ပြောတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာက ဒီမိုကရေစီအင်အားစုများအားလုံး စစ်အုပ်စု ထံ ခြွင်းချက်မရှိ အညံ့ခံကာ စစ်အုပ်စုကျင်းပမယ့် ၂၀၁၀ရွေးကောက်ပွဲဝင်ရေးပဲဖြစ်တယ်။ဒီမိုကရေစီအင်အား စုတွေအနေနဲ့ ပြည်သူကို ထောက်ထားကာ သဘောထားတင်းမာမှုတွေ လျှော့ကြလို့ တတိယအင်အားစုဝင် တွေက တစ်ဖက်သတ်တောင်းဆိုခဲ့တယ်။
၂၀၁၀ရွေးကောက်ပွဲဝင်ကာ စစ်အုပ်စု လမ်းပြမြေပုံအတိုင်း တန်းတန်းမတ်မတ်လျှောက်ကြဖို့ တတိ ယအင်အားစုတွေက တောင်းဆိုခဲ့ပေမဲ့ စစ်အုပ်စုကတော့ ၂၀၁၀ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)မဝင်ရေးအတွက် ဥပဒေပြဌာန်းကာ ကန့်သတ်ခဲ့တယ်။စစ်အုပ်စုက ၂၀၁၀ပြည့်နှစ် နိုင်ငံ ရေးပါ တီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ပါတီထောင်လိုသူ ဒါမှမဟုတ် ပါတီဝင်ဖြစ်လိုသူတွေဟာ ထောင်ဒဏ် ကျခံ နေရသူ မဖြစ်ရ၊ပြစ်ဒဏ်ကို အယူခံနေဆဲသူလည်း မဖြစ်ရလို့ ပြဌာန်းခဲ့ခြင်းက ဒေါ်အောင်ဆန်းစုကြည် အ ပါအဝင် NLDပါတီဝင် တော်တော်များများကို နိုင်ငံရေးပါတီဝင် ဖြစ်ခွင့်မရအောင် ကန့်သတ်ခဲ့တာဖြစ် ကြောင်း ထမင်းစားတဲ့ မြန်မာပြည်သူတိုင်းက ခပ်နက်နက်တွေးစရာမလိုဘဲ အလွယ်သိကြတယ်။
တတိယအင်အားစုတွေက ပြန်လည်သင့်မြတ်ရေးလို့ ဟစ်အော်ခဲ့ပေမဲ့ ဒုတိယအာဏာရှင်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မြန်မာ့နိုင်ငံရေးပလက်ဖောင်းပေါ်ကနေ အပြီးအပြတ်ရှင်းထုတ်လိုတဲ့ ရည်ရွယ်ချက်။
သန်းရွှေခန့် သမ္မတ သိန်းစိန်လက်ထက်ကျမှသာ ပြည်ခိုင်ဖြိုးအစိုးရကို နိုင်ငံတကာအသိအမှတ်ပြုမှုရ စေရေးအတွက် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ NLDပါတီဝင်နိုင်ရေး အပြန်အလှန် အလျှော့အတင်းတွေနဲ့ လမ်းခင်းခဲ့တာ တွေ့ရတယ်။
၂၀၁၅ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ NLDကို ရှုံးနိုင်ပေမဲ့ ၂၅ရာခိုင်နှုန်း အသာစီးရထားတဲ့ အခြေခံ ဥပဒေပြဌာန်းချက်အရ ပြည်ခိုင်ဖြိုးပါတီသာလျှင် အစိုးရဖွဲ့နိုင်မယ်လို့ သိန်းစိန်က ပြည်သူကို လျှော့တွက်ခဲ့ တယ်။ ၂၀၁၅ရွေးကောက်ပွဲအပြီးမှာ ပြည်ခိုင်ဖြိုးအနိုင်ရလဒ်နဲ့ လွှတ်တော်တွင်း စစ်တပ်ရဲ့ ၂၅ရာခိုင်နှုန်း မဲ ပေါင်းစုကာ စစ်အုပ်စု အစိုးရဖွဲ့နိုင်မယ်။NLDပါတီကတော့ လွှတ်တော်တွင်း အတိုက်အခံပါတီအဖြစ် အသံ ကျယ်လောင်ရုံသာ ရှိမယ်လို့ သိန်းစိန်နဲ့အပေါင်းအပါတစ်သိုက် ခပ်လွယ်လွယ် အိပ်မက်မက်ခဲ့တယ်။
၂၀၁၅ရွေးကောက်ပွဲရလဒ်ထွက်လာတော့ ပြည်ခိုင်ဖြိုးပါတီ ရှုံးချက်က ခေါင်းမဖော်ဝံ့ ခွက်ခွက်လန်၊ အစိုးရဖွဲ့နိုင်ဖို့ဆိုတာ အဝေးကြီး။ရွေးကောက်ပွဲ ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုတာက ပြည်ခိုင် ဖြိုးအစိုးရခန့် စစ်ဗိုလ်ချုပ်ဟောင်းတွေမို့ NLDပါတီ မဲလိမ်ပါတယ်ဆိုပြီး စွပ်စွဲလို့လည်း မရ။မတတ်သာတဲ့အ ဆုံး NLDပါတီကို အာဏာလွှဲပေးခဲ့ရတယ်။
NLDအစိုးရလက်ထက်မှာ တိုင်းပြည် ရှေ့တစ်လှမ်းမတိုးစေရေးအတွက် စစ်တပ်၊ပြည်ခိုင်ဖြိုးနဲ့လက် ဝေခံ ပါတီတွေ၊ ပြီးတော့ မဘသ စတဲ့ စစ်အုပ်စုဝင်တွေက တက်ညီလက်ညီ မဟာဗျူဟာမြောက် ခြေထိုးခံခဲ့ ကြတယ်။စစ်အုပ်စုရဲ့ အကြီးကျယ်ဆုံးအိပ်မက်က ၂၀၂၀ရွေးကောက်ပွဲမှာ အာဏာပြန်ရရေး။
ဒါပေမဲ့၊၂၀၂၀ရွေးကောက်ပွဲမှာလည်း ကုန်းကောက်စရာမရှိအောင် ပြည်ခိုင်ဖြိုးမဲရှုံးပြန်လေတော့ ဒီဘ ဝမှာ ရွေးကောက်ပွဲနည်းလမ်းနဲ့ အာဏာပြန်ရစရာအကြောင်း မရှိတော့မှန်း စစ်အုပ်စုဝင်တွေ ကောင်းကောင်း သဘောပေါက်သွားကြတယ်။ပြည်သူ့အာဏာ ဒီတစ်သက်ရစရာအကြောင်းမရှိတော့မှန်း အသေအချာသိရှိခဲ့ လေတော့ အစဉ်အလာမပျက် အာဏာသိမ်းတော့တယ်။
အာဏာသိမ်းပွဲ နှစ်ကြိမ်ကို ကြည့်ကာ နည်းနည်းပါးပါး သတ်ပြလိုက်ရင် ပြည်သူတွေ နောက်ဆုတ် သွား မှာပါလို့ အလွယ်တွေးခဲ့တဲ့ မင်းအောင်လှိုင် ပြည်သူ့ခုခံတော်လှန်စစ်ကြီးနဲ့ ကြုံလိုက်ရတဲ့အခါ ပက်လက် လန် လဲကျမသွားရုံတမယ်။၁၀၂၇စစ်ဆင်ရေးကြီးရဲ့ အားပြင်းတဲ့ရိုက်ချက်ကြောင့် ၂၀၂၄ခုနှစ်မှာ စစ်ကောင်စီ အရေးပေါ်ခန်းထဲ ရောက်ခဲ့တယ်။ဒါပေမဲ့၊အားကိုးစရာ ရုရှားရှိတယ်၊တရုတ်ရှိတယ်။မလျှော့သောဇွဲလုံ့လနဲ့ ရွေး ကောက်ပွဲဆီသို့ ရောက်အောင်ချီမယ်။စစ်ကောင်စီရွေးကောက်ပွဲ ကနေ ရွေးကောက်ခံသမ္မတကြီးအသွင်နဲ့ ရာသက်ပန်အာဏာသိမ်းရေးလမ်းပေါ် ဆက်လျှောက်မယ်လို့ မင်းအောင်လှိုင် စိတ်ပိုင်းဖြတ်ထားတယ်။
ဘီလာရုစ်နိုင်ငံမှာ စစ်ကောင်စီရွေးကောက်ပွဲပြုလုပ်မယ့်အချိန်ကို မင်းအောင်လှိုင် ထုတ်ပြောလိုက် တော့ မင်းအောင်လှိုင် ပစ်ကျွေးမယ့် အရိုးအရင်းအာဏာ နှစ်ပဲခြောက်ပြားရလည်း သေပျော်ပြီဆိုတဲ့ စစ် ကောင်စီလက်အောက်ခံပါတီတွေ သိပ်ပျော်ကြတယ်။တတိယအင်အားစုဆိုသူတွေကတော့ ကမ်းကုန်အောင် သတ်နေဖြတ်နေတဲ့ စစ်ကောင်စီမို့ ပြန်လည်သင့်မြတ်ရေးခေါင်းစဉ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲဝင်ကြလို့ လှုံ့ ဆော်ခဲ့ရင် ပြည်သူ့တံတွေးခွက်ထဲ ပက်လက်မျောကိန်းဆိုက်နိုင်တာမို့ အသံမထွက်ရဲ။
ဒါပေမဲ့၊ဖျက်အားပြင်းငလျင်လှုပ်ခတ်ပြီးတဲ့အချိန်မှာတော့ ငလျင်ကိုအကြောင်းပြ၊ပြန်လည်သင့်မြတ် ရေးဆိုတဲ့ဆိုင်းဘုတ်ထောင်တော့တယ်။ငလျင်လှုပ်ပြီး နောက်တစ်ရက် မတ်လ၂၉ရက်မှာပဲ “ငလျင် လှုပ်ပြီး ၂၂နာရီ အကြာ အတွေး”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဦးလှမောင်ရွှေက သူ့ရဲ့ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်တော့တယ်။ဦးလှ မောင်ရွှေဆိုတာက မြန်မာ့နိုင်ငံရေးရဲ့ချောင်ကြိုချောင်ကြားတစ်နေရာမှာတောင် သမိုင်းမှတ်တမ်းရေးထိုးခဲ့နိုင် ခြင်းမရှိပေမဲ့ ၂၀၁၀ပြည့်နှစ်မတိုင်ခင်မှာ တတိယအင်အားစုဝင်အဖြစ် ပြူထွက်လာပြီးနောက် ၂၀၁၁ခုနှစ်ကစ လို့ ငြိမ်းချမ်းရေးကန်ထရိုက်ရခဲ့သူ။အကြမ်းဖက်စစ်တပ်က မအောင်မြင်တဲ့အာဏာသိမ်းပွဲစတင်တော့ သာမန် ပြည်သူတစ်ဦးလိုတောင် လက်သုံးချောင်းထောင် မဆန့်ကျင်ရဲတဲ့အထိ သွေးရဲခဲ့သူ။အဲဒီလိုအစဉ်အလာကြီးခဲ့ တဲ့ ဦးလှမောင်ရွှေက ငလျင်လှုပ်ပြီး ၂၂နာရီအကြာမှာ အခုလို တွေးပြတယ်။
နာဂစ်မုန်တိုင်းဝင်ခဲ့စဉ်က နိုင်ငံတကာအကူအညီကို စစ်အုပ်စုက ငြင်းပယ်ခဲ့ပြီး နောက်ပိုင်းကျမှ အကူအညီတချို့ကို ခွင့်ပြုခဲ့တယ်။ အခု ငလျင်ကြီးလည်း လှုပ်ရော ချက်ချင်းဆိုသလို နိုင်ငံတကာအကူအညီ တွေလည်း ရောက်လာတယ်လို့ ဆိုတယ်။ဦးလှမောင်ရွှေက မင်းအောင်လှိုင် နိုင်ငံတကာ အကူအညီပေးဖို့ ချက်ချင်းတောင်းခံတာကို စကားလုံးနဲ့ မဖော်ပြဘဲ သန်းရွှေထက် အမျှော်အ မြင်ကြီးတဲ့ မင်း အောင်လှိုင်လို့ ပါးပါးနပ်နပ် ချီးမွမ်းခန်းဖွင့်လိုက်တယ်။ပြီးတော့ ဒီအခြေအနေမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအလုပ်တွေ လုပ်လို့မရဘူးလားလို့ နိုင်ငံအနည်း ဆုံး၈နိုင်ငံက သူ့ကို မေးလာတယ်လို့ဆိုကာ အခုလို ဆက်ပြောတယ်။
“အဓိက ကျတဲ့တာဝန်ရှိသူတွေ တကယ် လုပ်နိုင်၊ မလုပ်နိုင် (အမျိုးသားပြန်လည်သင့်မြတ်ရေး)ကျနော် မသိနိုင်သေးပါ။ လုပ်နိုင်ရင် ကောင်းတာပေါ့။ ပါဝင်ပတ်သက်နေတဲ့ အကျိုးစီးပွားရှင်တွေ ( stakeholders တွေ ) အများကြီးဖြစ်နေတယ်။ ပဋိက္ခတွေ ရပ်နိုင်ရင် ကောင်းပါတယ်။ အနည်းဆုံး လျှော့ချနိုင်ရင် ကောင်း ပါတယ်။ ဘယ်သူ စွမ်းဆောင်နိုင်မလဲ မသိပါ။ အနည်းဆုံး ကျနော်တို့ သာမန် နိုင်ငံသားတွေက ကိုယ်လုပ်နိုင် တာကို စလုပ်ဖို့ တိုက်တွန်းပါတယ်”လို့ဆိုတယ်။
ဦးလှမောင်ရွှေရဲ့ ပြည်သူတွေကို တိုက်တွန်းချက်က “ ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်ဖို့။ သင် ကောင်း လျှင် ကျွန်ုပ် မဆိုးပါ အစား၊ သင်ကောင်းကောင်း မကောင်းကောင်းကျွန်ုပ်ကောင်းအောင် ကြိုးစား မည် လို့ စရင် မရဘူးလား”လို့ ဆိုလိုက်တယ်။သူ့ရဲ့တိုက်တွန်းချက်ကို ချဲ့ကြည့်လိုက်ရင် စစ်ကောင်စီ ပြည်သူ တွေကို သတ်နေတာလည်း စိတ်မကွက်နဲ့၊အဆိုးမမြင်နဲ့။စစ်ကောင်စီတပ်တွေ ပြည်သူ့အိုးအိမ်စည်းစိမ် ဖျက် ဆီးလုယက်နေတာကိုလည်း သည်းခံလိုက်။စစ်ကောင်စီဘာလုပ်လုပ် သည်းခံ၊စစ်ကောင်စီ တရားပျက် လည်း ကိုယ်မပျက်နဲ့။အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ပြည်သူတွေရဲ့ ခန္တီစပါရမီ ရင့်သန်မှုလို့ ဖွင့်ဆို လိုက်တဲ့ သဘော။
သဘာဝဘေး မကြာခဏကျရောက်နေတဲ့နိုင်ငံမှာ စစ်ဗိုလ်ချုပ်တွေ အစိုးရလုပ်ချင်တာ ရူးမတတ် ဘဲဆိုပေမဲ့ သဘာဝဘေးကို အရေးပေါ်တုံ့ပြန်နိုင်မယ့် ကြိုတင်ပြင်ဆင်မှုလည်း မရှိ။အခုလိုဖျက်အားပြင်း င လျင်ကြီး လှုပ်ခတ်လိုက်တော့ နိုင်ငံတကာကို အကူအညီတောင်းတတ်တာကလွဲ ဘာလုပ်လို့ ဘာကိုင်ရမယ် မှန်းမသိ။ငလျင်ဘေးသင့်ပြည်သူများစွာ မျက်ရည်ဖြိုင်ဖြိုင်ကျနေတဲ့ကြား ကိုယ့်ဘာသာ ကုန်းရုန်းထနေရတဲ့ အချိန် စစ်ကောင်စီမကောင်းလည်း ပြည်သူတွေ ကောင်းအောင်ကြိုးစားကြပါလို့ မညှာမတာ အတွေးရဲတဲ့ ဦးလှမောင်ရွှေရဲ့ ရွှေဉာဏ်တော် စူးရောက်မှုလေလား။
တတိယအင်အားစုဆိုသူတွေရဲ့ အပြောအဆိုတွေကို လေ့လာကြည့်လိုက်ရင် စစ်အုပ်စုဘာလုပ် လုပ် ပြန်လည်သင့်မြတ်ရေးမူအရ ရေငုံနှုတ်ပိတ် မမြင်ချင်ယောင်ဆောင်သလောက် ပြည်သူနဲ့ တော်လှန်ရေးအင် အားစုတွေအပေါ်ကျ အစွန်းရောက်မှုတွေ လျှော့ချဖို့ မာန်ရမဲရ။စစ်အုပ်စုဘာလုပ်လုပ် သည်းခံခြင်းတရားကို လက်ကိုင်ထားကြဖို့ ဆုံးမရနဲ့ စစ်ကောင်စီရွေးကောက်ပွဲကိုလည်း ပြန်လည်သင့်မြတ်ရေးမူအရ အ သိအမှတ် ပြုပေးရဦးမှာလား။
အခုစစ်ကောင်စီက ပြန်သင့်မြတ်ဖို့ဝေးစွ၊လူကြားကောင်းရုံ အပစ်ရပ်ကြေညာပြီး နိုင်ငံအနှံ့ ဗုံးပတ် ကြဲနေပေမဲ့ တတိယအင်အားစုဆရာတွေက စစ်ကောင်စီ ကို မေးခွန်းထုတ်သံမကြားရတော့ဘူး။ မင်းအောင် လှိုင်က ငလျင်ကြောင့် ရွေးကောက်ပွဲအပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ဆိုပြန်တော့လည်း ငလျင်ကြောင့် ပြည်သူတွေ ဒီလောက်သောကပွေနေတာတောင် ပြောထွက်လိုက်တာလို့တောင် တတိယအင်အားစုက လူသိ ရှင်ကြား မညီးညူရဲရှာဘူး။
ငလျင်လှုပ်တော့ ငလျင်ကိုခေါင်းစဉ်တပ် တတိယဆရာကြီးတွေ ပြောထွက်ရဲကြတယ်။တော်လှန်ရေး အင်အားစုတွေအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုကာ အစွန်းရောက်တာတွေ လျှော့ချပြီး စစ်ကောင်စီရွေးကောက်ပွဲကို ထောက်ခံလိုက်ကြပါလို့ မပြောကြရုံတမယ်ပါပဲ။
(ဤဆောင်းပါး အကြောင်းအရာများသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။)