စစ်ကောင်စီက ငလျင်ဒဏ်ထိ ဒေသတွေကို အရေးပေါ်အခြေအနေ ကြေညာ

Author CJ Platform
Categories
Published on Mar 28, 2025

စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုပြီး အင်းအားကြီးငလျင် နှစ်ခု ဒီကနေ့ နေ့လယ်မှာ လှုပ်ခတ်သွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်အရှေ့မြောက်ဒေသ၊ နေပြည်တော်၊ ပဲခူးတိုင်းတို့ရှိ ငလျင်ဒဏ်သင့်တဲ့ နေရာတွေကို အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီရဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကနေ ဒီကနေ့

ညနေမှာ ကြေညာလိုက်ပါတယ်။

အဲဒီဒေသတွေက ပျက်ဆီးဆုံးရှုံးမှုတွေကို စုံစမ်းစစ်ဆေးတာ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အလျင်အမြန်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

 

သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိစေရေးအတွက်လည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

လက်တွေ့မှာတော့ မြေပြင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကူညီကယ်ဆယ်နေတာကို မမြင်တွေ့ရသေးပါဘူး။

 

မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်အချိန် မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့် အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် ၃ ခုခန့် လှုပ်ရှားခဲ့တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

ပြည်သူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ကောလဟာလတွေအပေါ် သတိထားဆင်ခြင်ဖို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သတင်းထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – pro-SAC