ဇနီးဟောင်းကို ဓားနဲ့ထိုးပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသား ရဲစခန်းမှာ လာအဖမ်းခံ

ပဲခူးမြို့ မြို့တွင်းရပ်ကွက် လက်ဝဲသုန္ဒရလမ်းမှာ ဇနီးဟောင်းဖြစ်သူကို ဓားနဲ့ထိုးသတ်ဖြတ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ အမျိုးသားဟာ မတ်လ ၁၆ရက်နေ့ မနက် ၁၀နာရီခန့်က ပဲခူးအမှတ်(၁) ရဲစခန်းမှာ ကိုယ်တိုင် လာရောက် အဖမ်းခံခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေ ဆီကသိရပါတယ်။
လွန်ခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ ည ၁၀ခွဲခန့်က ပဲခူးမြို့ ဘုရားကြီးရပ်ကွက် ကြံ့ခိုင်ရေးဝန်းအတွင်း နေထိုင်တဲ့ ကိုအောင်မြင့်မြတ်ဆိုသူက လက်ဝဲသုန္ဒရလမ်းမှာ နေထိုင်တဲ့ ဇနီးဟောင်းဖြစ်သူ မလင်းလင်းကျော်ဆီကို ရောက်လာပြီး စကားများ ရန်ဖြစ်ကြရာကနေ အသင့်ယူဆောင်လာတဲ့ ဓားနဲ့ ထိုးခဲ့တာပဲဖြစ်ပါတယ်။
ဓားထိုးဒဏ်ရာအပြင် လှေကားပေါ်က ပြုတ်ကျတဲ့ ဒဏ်ရာတွေကြောင့် မလင်းလင်းကျော်ဟာ ပဲခူးမြို့ ဆေးရုံကြီးမှာ ဆေးဝါးကုသခံနေစဉ်မှာပဲ ဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။
ဖြစ်စဉ်အပြီးမှာ ကိုအောင်မြင့်မြတ်ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ကိုယ်တိုင် ရဲစခန်းကို သွားရောက်ပြီး ဖမ်းဆီးခံခဲ့တာပါ။
ပဲခူးမြို့ အမှတ်(၁) ရဲစခန်းက ကိုအောင်မြင့်မြတ်ကို ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
မလင်းလင်းကျော် ကွယ်လွန်ချိန်မှာ ၈ နှစ်အရွယ် ကလေးတစ်ဦးနဲ့ ၁ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဆီက သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ကွယ်လွန်သူ မလင်းလင်းကျော်ရဲ့ နာရေးကို မြင်ရပုံ