မင်္ဂလာပွဲကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲ သေဆုံးသူ များပြား

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်ဒေသရှိ ဆုံကုန်းရွာက ဘုန်းကြီးကျောင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မင်္ဂလာဆောင်ပွဲ ပြုလုပ်နေစဉ် ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက် ၉ နာရီခန့်က စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီကနေသိရပါတယ်။
စစ်ကောင်စီက ဂျပ်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်း အပေါ်ကို တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၂၀ နီးပါး ထိခိုက်သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
“တပ်ဖွဲ့ ထဲက ရဲဘော် မင်္ဂလာဆောင်ဆိုတော့ ဒလန် ရှိပီး အတိအကျ လာကြဲသွားတဲ့ သဘောပါ။ အထိအခိုက်တွေ ကို သေချာ မစစ်ဆေးရသေးပါဘူး။ ခုအချိန်မှာ အပြည့်အစုံ ပြောပြ လို့ မရသေးတဲ့ အခြေအနေမို့ပါ” လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံ ပြန်ကြားရေးတာဝန်ခံ က CJ Platform ကိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ နောက်ထပ်လေယာဉ်တွေ ဝဲနေတာကြောင့် သေဆုံးဒဏ်ရာရစာရင်း အတိအကျမပြောနိုင်သေးပေမဲ့ စစ်ဆေးပြီးရင် အားလုံးအတိအကျထုတ်ပြန်သွားဖို့ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ ထိခိုက်သေဆုံးမှုတွေကို စာရင်းတွေကို ပြုစုနေဆဲဖြစ်ပြီး ဒေသခံပြည်သူတွေကို ရှောင်တိမ်းဖို့ လုပ်ဆောင်ပေးနေတာတွေရှိတယ်လို့ သိရပြီး မင်္ဂလာဆောင်သူနှစ်ဦးရဲ့ အခြေအနေလည်း မသိရှိရသေးပဲ လူ ၂၀ သေဆုံးတယ်လို့ သတင်းတွေအပေါ်အတည်ပြုပေးလို့ မရသေးဘူးလို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးကလည်း CJ Platform ကိုပြန်လည်ဖြေကြားခဲ့ပါတယ်။
စစ်ကာင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ရှိနေတာကြောင့် ဒေသခံပြည်သူတွေလည်း ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းနေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။