ကြံဖွံ့ပါတီရဲ့ USDP Women Committee Facebook Page ဟာ အမျိုးသမီးအလှပုံတွေနဲ့ နိုင်ငံခြားဇာတ်လမ်းတွဲတွေကိုသာ ကူးတင်နေတဲ့ Page အဖြစ် အသွင်ပြောင်းသွား

ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဝါဒဖြန့်ချိပေးနေတဲ့ Facebook Page တစ်ခုဖြစ်တဲ့ USDP Women Committee Facebook Page ဟာ ပါတီလှုပ်ရှားမှုသတင်းတွေ တင်ဆက်မှုကို ရပ်ဆိုင်းထားပြီး ရေကူးဝတ်စုံနဲ့ အမျိုးသမီးအလှပုံတွေ နိုင်ငံခြားဇာတ်လမ်းတွဲတွေကိုသာ ကူးယူပြီး တင်ဆက်နေတဲ့ Page အဖြစ် အသွင်ပြောင်းလဲသွားတာကို CJ Platform က စိစစ်တွေ့ရှိရပါတယ်။
USDP Women Committee Facebook Page ဟာ ၂၀၁၉ခုနှစ် စက်တင်ဘာ ၁၃ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီးတော့ Meta ကနေ တရားဝင် အသိမှတ်ပြုတဲ့ အပြာခြစ်ကိုပါ ရရှိထားတဲ့ Page တစ်ခုဖြစ်ပါတယ်။
ပါတီနဲ့သက်ဆိုင်တဲ့ ရေးသားဖော်ပြချက်ကိုတော့ ၂၀၂၃ ဧပြီ ၁၇ ရက်နေ့မှာ နောက်ဆုံးတင်ဆက်ခဲ့ပြီးနောက် ရေကူးဝတ်စုံနဲ့ အမျိုးသမီးအလှပုံတွေ နိုင်ငံခြားဇာတ်လမ်းတွဲတွေကိုသာ ကူးယူပြီး တင်ဆက်နေခဲ့တာပါ။
ဒါ့အပြင် ပါတီနဲ့ သက်ဆိုင်တဲ့ မူရင်းပိုစ့်အချို့ကိုလည်း ပြန်လည်တည်းဖြတ်ထားပြီး အမျိုးသမီးအလှပုံတွေနဲ့ ပြောင်းလဲ အစားထိုးထားတာကို တွေ့ရပါတယ်။
Facebook Page ရဲ့ အက်ဒမင်တွေကို ဝင်ရောက်ကြည့်ရှုရာမှာ United States က ခြောက်ဦး၊ Germany က သုံးဦးနဲ့ Spain ကတစ်ဦး ထိန်းချုပ်ထားတာကိုလည်း တွေ့ရပါတယ်။
ကြံဖွံ့ပါတီအနေနဲ့တော့ သူတို့ရဲ့ ဝါဒဖြန့်ချိရေး Pageက အခုလို အသွင်ပြောင်းသွားတာနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ထားတာ မရှိခဲ့ပါဘူး။
USDP Women Committee Facebook Page ဟာ Like လုပ်ထားသူ 105k နဲ့ Followers လုပ်ထားသူ 213k အထိ ရှိပါတယ်။