တရုတ်ဇနီးမယားအဖြစ် လုပ်ဆောင်ရန် လာရောက်စည်ရုံးသူတွေကို အမှုဖွင့်ထားဟုဆို

Author Adira ၊ လဂွန်းအိမ်
Categories
Published on Feb 08, 2025

ရန်ကုန်တိုင်း ဒလမြို့နယ်မှာ ဆယ်ကျော်သက်အရွယ် ကလေးငယ်နှစ်ဦးကို တရုတ်ဇနီးမယားအဖြစ် လုပ်ဆောင်ရန် လာရောက် စည်းရုံးခဲ့သူတွေကို အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

TikTok လူမှုကွန်ရက် စာမျက်နှာပေါ်ကနေတဆင့် သိရလို့ဆိုကာ တရုတ်အမျိုးသားတစ်ဦးက အသက်မပြည့်မသေးတဲ့ အမျိုးသမီးငယ်တစ်ဦးကို တရုတ်ဇနီးမယားအဖြစ် လုပ်ဆောင်ဖို့ လာရောက် စည်းရုံးခေါ်ဆောင်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုဟာ ဖေဖေါ်ဝါရီလဆန်းပိုင်းမှာ စတင်ပျံ့နှံ့လာခဲ့ပါတယ်။

 

“ ကျွန်တော်လာရင်းရည်ရွယ်ချက်က မ—–ကိုလက်ထပ်ဖို့ပါ၊ သူ့ညီမကလည်း ကျွန်‌‌တော်တို့နဲ့ အတူ ပူးပေါင်းသွားမှာပါ” လို့ ဇနီးမယားအဖြစ် စည်းရုံးနေသူတရုတ်အမျိုးသားက ပြောနေတာဟာ အခုရက်ပိုင်းတွင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

 

အဲဒီရုပ်သံဖိုင်ကို တရုတ်အမျိုးသားက ကိုယ်တိုင်ရိုက်ကူးထားတာကိုတွေ့ရပြီး သူနဲ့အတူ အသက် ၃၀ ဝန်းကျင်ရှိအမျိုးသမီးတစ်ဦးက ကလေးငယ်ပိုက်ကာ စကားပြန်အဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။

 

တရုတ်အမျိုးသားက TikTok လူမှုကွန်ရက်ကနေ သူ့သူငယ်ချင်းတွေလာပြကြလို့ မ——ကို သိရှိခဲ့ရတာဖြစ်ပြီး အိမ်ကိုရောက်တဲ့အခါမှ အသက်၁၆ နှစ်အရွယ် ညီမဖြစ်သူ မ——–ကိုပါ ပစ်မှတ်ထားစည်းရုံးခဲ့တာကို တွေ့ရပါတယ်။

 

အဲဒီရုပ်သံဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပျံ့နှံ့လာပြီး ဝေဖန်မှုတွေထွက်ပေါ်လာတာကြောင့် ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီးဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ တရုတ်နိုင်ငံသား Mr.Luo Fei နှင့် အခြားတရုတ်အမျိုးသားတစ်ဦး စကားပြန်အဖြစ် လုပ်ဆောင်ပေးခဲ့သူ မသီတာအောင်၊ အောင်ဇော်ဦး(ခ) ဟာမီဒူလာ တို့ကို ဒလမြို့မရဲစခန်းက (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄ နဲ့ အမှုဖွင့်လှစ်ခဲ့ပြီး ကျူးလွန်သူလို့ ယူဆရသူတွေကို ဖမ်းဆီးရမိ မရမိကိုတော့ မသိရသေးပါဘူး။