စစ်သက်နှစ် ၄၀ ရှိ အရာခံဗိုလ် KNDF ဆီ လက်နက်နဲ့အတူအလင်းဝင်
စစ်ကောင်စီရဲ့ စစ်သက် ၄၀ နှစ် ရှိပြီဖြစ်တဲ့ အရာခံဗိုလ်တစ်ဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ၂၇ ရက်နေ့က ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ကရင်နီ(ကယား)ပြည်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ-၅၃၁ တပ်ကနေ ထွက်ပြေးရောက်ရှိလာတဲ့ စစ်ကောင်စီအရာခံဗိုလ်ကို KNDF က ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားတယ်လို့ KNDF က ဆိုပါတယ်။
သူဟာ MA-3 သေနတ်တစ်လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတာဖြစ်တယ်လို့ သိရပါတယ်။
ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီကို အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုထံခိုလှုံခြင်းနဲ့ ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြဖို့ KNDF က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ခမရ -၄၃၀ တပ်ရင်းက တပ်သား သုံးဦး၊ ဇန်ဝါရီလ ၂၃ ရက်နေ့မှာ ခလရ -၂၄၇ တပ်က တပ်သား လေးဦးတို့ MA-3 သုံးလက်၊ MA-1 တစ်လက်တို့နဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ သိရပါတယ်။ သူတို့ဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ KNDF က ဆိုထားပါတယ်။
ဓာတ်ပုံ – KNDF
ပုံစာ- အလင်းဝင်ခိုလှုံလာတဲ့ အရာခံဗိုလ်အားတွေ့ရစဉ်