AA ထိုးစစ်ကြောင့် ချောင်းသာဒေသခံတွေ စစ်ဘေးရှောင်၊ ဟိုတယ်တွေ ပိတ်ထား
အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ် ဧရာဝတီတိုင်းထဲဝင်ရောက်လာတာကြောင့် အခုရက်ပိုင်းအတွင်း ချောင်းသာဒေသခံအများစု စစ်ရှောင်နေကြပြီဖြစ်သလို ဟိုတယ်တွေလည်း ပိတ်ထားပြီဖြစ်တယ်လို့ ချောင်းသာဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
“တိုက်ပွဲတွေ ရောက်မလာသေးပေမဲ့ မဝေးတော့တဲ့ အခြေအနေမလို့ ရွာသားတွေကကြောက်ပြီး ပြောင်းရွှေ့ကုန်တာ။ ရံဖန်ရံခါ လက်နက်ကြီးနဲ့ လှမ်းထုသံကြားရတယ်” လို့ ချောင်းသာဒေသခံ ကိုအောင်က CJ Platform ကို ပြောပါတယ်။
ဒီလိုအခြေအနေတွေကို အခွင့်ကောင်းယူပြီး လူမရှိတဲ့ လူနေအိမ်တွေကို ဖောက်ထွင်းခိုးယူမှုတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ဟိုတယ်အများစုက ပစ္စည်းတွေရွှေ့ထားပြီး ဧည့်သည်လက်မခံဘဲ ဟန်ပြဖွင့်ထားတဲ့ဟိုတယ်တွေရှိသလို ဧည့်သည်လက်ခံတဲ့ဟိုတယ်တွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
ချောင်းသာရွာထဲမှာ အရင်ကထက်လူပိုရှင်းနေတဲ့အပြင် ချောင်းသာဈေးထဲက ဈေးဆိုင်တချို့လည်း ပိတ်ထားတယ်လို့ သူတို့က ပြောပါတယ်။
အဲဒီမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်သွားတယ်လို့လည်း သိရပါတယ်။
“ဟိုတယ်မှာ ဧည့်သည်တွေ ပိတ်မိခံရမှာစိုးလို့တဲ့ ပြန်တော့လွှတ်တယ်။ ချောင်းသာမှာက လူသိပ်မရှိတော့ဘူး။ ည ၆ နာရီ၊ ၇ နာရီ လောက်ဆို မိန်းလမ်းမကြီးပေါ်မှာ လူမရှိတော့ဘူးဗျ” လို့ ဒီအကြောင်းသိရှိထားတဲ့ အသက် ၃၀ အရွယ် လူငယ်အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် Non-CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကို စစ်ကောင်စီက တိမ်းရှောင်ခွင့်မပေးထားဘဲ ဒေသခံတွေ တိမ်းရှောင်နေတာနဲ့ပတ်သက်ပြီး တားမြစ်ထားတာ မရှိဘူးလို့ စုံစမ်းသိရှိရပါတယ်။
Non-CDM ဝန်ထမ်းတွေအနေနဲ့ တိမ်းရှောင်ချင်ပါက ထွက်စာတင်ရမယ်လို့ စစ်ကောင်စီက သတိပေးထားပြီး ကျောင်းသားတွေကိုတော့ ကျောင်းပျက်ရက်များရင် မှင်နီတားခံရကာ စာမေးပွဲဖြေဆိုခွင့် ပိတ်မယ်လို့ ဒီအကြောင်းသိရှိထားတဲ့ ချောင်းသာဒေသခံတချို့က CJ Platform ကို ပြောပါတယ်။
ဒါပေမဲ့ ဒေသခံအများစုက ပြောင်းရွှေ့နေကြပြီး ကျောင်းသားတွေပါခေါ်ဆောင်သွားကြတယ်လို့ သိရတဲ့အပြင် ပစ္စည်းတင်ကားတွေ ငှားမရဖြစ်တာကြောင့် မပြောင်းရွှေ့ရသေးတဲ့ သူတွေလည်းရှိတယ်လို့ သိရပါတယ်။
“ပြောင်းတဲ့သူတွေလည်း အတော်များပါတယ်။ မပြောင်းရသေးတဲ့သူတွေလည်း အသင့်ပြင်ထား ပြီးပါပြီ။ ကျွန်တော်တို့လည်း ပစ္စည်းတင်ဖို့ ကားမရသေးလို့သာ မဟုတ်ရင် ပြောင်းပြီးနေပြီ” လို့ ချောင်းသာဒေသခံ ကိုအောင်က ပြောပါတယ်။
အဲဒီချိန်မှာပဲ ချောင်းသာ-ရန်ကုန် ကားငှားခဈေးနှုန်းတွေဟာ ကားအမျိုးအစားအလိုက် ကျပ်သုံးသိန်း၊ လေးသိန်း၊ ငါးသိန်းအထိဈေးရှိပြီး တချို့မှာ ကားငှားခ မတတ်နိုင်သူ၊ နေအိမ်အဖောက်ခံရမှာစိုးရိမ်သူနဲ့ စစ်ကောင်စီကို ယုံကြည်သူတွေကတော့ မပြောင်းရွှေ့ဘဲ နေထိုင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ ဒေသခံအများစုကတော့ ပြောင်းရွှေ့သွားကြပြီဖြစ်တာကြောင့် ချောင်းသာမှာ လူမရှိသလောက် နည်းသွားကြပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။
ပြောင်းရွှေ့သူအများစုက ရန်ကုန်နဲ့ ပုသိမ်မြို့တို့ကို ပြောင်းရွှေ့ကြတာဖြစ်ပြီး ပုသိမ်မြို့က ဘာသာရေးအဆောက်အအုံတချို့ကတော့ စစ်ရှောင်တွေအတွက် လက်ခံထားတာရှိနေတယ်လို့လည်း ပုသိမ်မြို့ခံ ကိုညီညီက CJ Platform ကို ပြောပါတယ်။
လက်ရှိချောင်းသာမှာ စစ်ကောင်စီက ညဘက် ဆိုင်ကယ်နဲ့ ကင်းလှည့်တာနဲ့ ဧည့်စာရင်းစစ်တာတွေရှိပေမဲ့ တင်းတင်းကျပ်ကျပ်စစ်ဆေးတာတွေ မရှိဘူးလို့ သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့က ဂွတစ်မြို့နယ်လုံးကို သိမ်းပိုက်နိုင်ပြီးနောက် ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီပထမပတ်အတွင်းကစပြီး ရခိုင်-ဧရာဝတီတိုင်းအစပ် ပုသိမ်ခရိုင်ထဲကို ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။
AA နဲ့ ပူးပေါင်းတပ်တွေဟာ ပုသိမ်မြို့နယ်ထဲက မကျီးဇင်နဲ့ ဘောမိကျေးရွာတို့ကို သိမ်းပိုက်ထားနိုင်ပြီးနောက် သပေါ့ကန်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ ခံစစ်ပြင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ အိမ်ပြန်မယ့်လှိုင်းဧရာတိုင်းကမ်ပိန်းမှာ “တစ်နိုင်ငံလုံးရဲ့ အိမ်ပြန်လမ်းအတွက် အကြမ်းဖက်စစ်တပ်ကို မျက်နှာအစုံဖွင့်ပြီး ရေကုန်ရေခမ်း တိုက်ပွဲဝင်ကြမယ့် ၂၀၂၅ မှာ ဧရာ၀တီတိုင်းဟာ အရေးကြီးတဲ့ စစ်မျက်နှာတစ်ခုဖြစ်လာမယ်” လို့ အသိပေးပြောဆိုထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်