စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ တ၀န်းလုံး တိုက်ပွဲပေါင်း ၇၇၀၀ ကျော်ဖြစ်ပွားခဲ့

Author လင်းခိုင်
Categories
Published on Oct 18, 2022

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ တ၀န်းလုံးတွင် တိုက်ပွဲပေါင်း ၇၇၀၀ကျော်ဖြစ်ပွားခဲ့ကြောင်း ISP Myanmar ၏ စစ်တမ်းတွင်ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက် ယခုနှစ်အောက်တိုဘာ ၁၂ရက်အထိ လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၇၇၀၃ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ၊ အဆိုပါတိုက် ပွဲများအနက် စစ်ကောင်စီနှင့် တိုင်းရင်းသားလက် နက်ကိုင် (EAOs) များအကြား တိုက်ပွဲပေါင်း ၄၅၂၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF/CDF/CNDF/KNDF) များအကြား တိုက်ပွဲဖြစ်ပွားမှု ၂၁၆၉ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုများသည် ကရင်ပြည်နယ်တွင်အများဆုံးဖြစ်ပြီး တိုက်ပွဲပေါင်း ၇၇၀၃ကြိမ်အနက် ၄၃၈၃ကြိမ်သည် ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ကာ၊ တိုက်ပွဲပေါင်း ၈၃၀ ထက်မနည်းသည် စစ်ကိုင်းတိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံး ဖြစ်သည်။

ဆက်လက်ပြီး ချင်းပြည်နယ်တွင် ၅၈၂ကြိမ်၊ မကွေးတိုင်းတွင် ၃၄၇ကြိမ်၊ ကယားပြည်နယ်တွင် ၃၃၇ကြိမ်၊ ရှမ်းပြည်နယ်တွင် ၂၈၁ကြိမ်၊ ပဲခူးတိုင်းတွင် ၂၅၇ကြိမ်၊ မွန်ပြည်နယ်တွင် ၂၃၃ကြိမ်၊ ကချင်ပြည်နယ်တွင် ၂၀၆ကြိမ်၊တနင်္သာရီတိုင်းတွင် ၉၉ကြိမ်၊ မန္တလေးတိုင်းတွင် ၆၇ကြိမ်၊ ရခိုင်ပြည်နယ်တွငင် ၄၂ကြိမ်၊ ရန်ကုန်တိုင်းတွင် အကြိမ် ၃၀၊ ဧရာ၀တီတိုင်းတွင် ၈ကြိမ်နှင့် နေပြည်တော်တွင် တစ်ကြိမ် တိ်ုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ISP Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများသည် မြို့နယ်ပေါင်း ၁၈၆ မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၌ ၃၇၃၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ထို့ပြင် ၂၀၂၀ နို၀င်ဘာလဆန်းမှစပြီး အပစ်အခတ်ရပ်စဲထားသည့် ရခိုင်ပြည်နယ်၌ စစ်အာဏာသိမ်းမှုအလွန်တွင် တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားခဲ့ပြီး တစ်နှစ်နီးပါး အပစ်ရပ်နားခဲ့သည့် စစ်ကောင်စီနှင့် ရခိုင်တပ်တော်တို့အကြား တိ်ုက်ပွဲဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ် မြို့နယ်ခြောက်ခုတွင် တိုက်ပွဲ အကြိမ် ၄ဝဖြစ်ပွားကာ စစ်ကောင်စီက ၁၄ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံ ၁၀၉၂၂ဦးထက်မနည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ISP Myanmar ၏ စစ်တမ်းတွင်ဖော်ပြထားသည်။