စမ်းချောင်းက ရဲတပ်ဖွဲ့ဝင်ဟောင်း အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ၊ ဒဏ်ရာပြင်းထန်လို့ဆို 

Author ကိုထက်
Categories
Published on Dec 24, 2024

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရဲတပ်ဖွဲ့ဝင်ဟောင်း ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ ဒီဇင်ဘာလ ၂၄ ရက် မနက် ၁၀ နာရီခန့်က သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ စမ်းချောင်းမြို့ခံတွေဆီက သိရပါတယ်။

 

အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေဆိုသူ ရပ်ကွက်ရုံးမှာရှိနေချိန် လူတချို့က လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ဝမ်းဗိုက်ကို ကျည်ထိမှန်သွားတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စမ်းချောင်းမြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အုပ်ကြီးအပစ်ခံရတာ။ လာပစ်တဲ့သူတော့ ဘယ်နှယောက်ပါလဲတော့သေချာမသိဘူးဗျ။ ဗိုက်ကိုထိသွားတယ်တဲ့။ အခု ရန်ကုန်ဆေးရုံကြီးမှာ” လို့ သူက ပြောပါတယ်။

 

အခုပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး စန်းငွေဆိုသူဟာ ရဲတပ်ဖွဲ့ထဲက ပြုတ်လာတဲ့သူဖြစ်ပြီး ရပ်ကွက်တွင်းနေထိုင်သူတွေ ဆက်ဆံရေးမပြေပြစ်သူလို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

 

“သူက ရပ်ကွက်ထဲစစ်မှုထမ်းစာရင်းကောက်တာ၊ သန်းခေါင်စာရင်းကိစ္စတွေမှာ အတင်းအကျပ်ကိုလုပ်ခဲ့တာ။ သူ့မိန်းမကလည်း သူ့ပါဝါနဲ့ ရပ်ကွက်ထဲကသူတွေကို အနိုင်ကျင့်နေတာ” လို့ သူက ပြောပါတယ်။

 

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီ’ ဘယ်အဖွဲ့ကမှ သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးသလို CJ Platform အနေနဲ့လည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ APOLLO ဟိုတယ်မှာ မင်္ဂလာပွဲလာတက်တဲ့ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့က ဗိုလ်မှူး ဇေယျာမင်းကို ပစ်ခတ်ခဲ့တယ်လို့ Yangon Phoenix က ထုတ်ပြန်ထားပါတယ်။

 

 

ဓာတ်ပုံ – စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

 

ပုံစာ – ပစ်ခတ်ခံခဲ့ရတဲ့ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးကို တွေ့ရစဉ်